【 ပြည်တွင်း 】 အပူဒဏ် သီးသန့်ကုသပေးရန် ရန်ကုန်ဆေးရုံကြီး၌ ပြင်ဆင်နေ

【 ပြည်တွင်း 】 အပူဒဏ် သီးသန့်ကုသပေးရန် ရန်ကုန်ဆေးရုံကြီး၌ ပြင်ဆင်နေ

ရန်ကုန်၊ ဧပြီ - ၉

ယခုလတ်တလောမှာ ကြုံတွေ့လာရတဲ့ အပူဒဏ်နဲ့ပတ်သက်ပြီး လူနာတွေရောက်လာပါက ကုသပေးနိုင်မည့် သီးသန့်ကုသခန်းတွေကို ကြိုတင်ပြင်ဆင်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

“အပူဒဏ်နဲ့ရောက်လာတဲ့ လူနာတွေကို သီးသန့်ထားဖို့အတွက် နေရာစီစဉ်ထားတာဖြစ်ပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

ဆေးရုံအတွင်း အပူဒဏ်လူနာများ တက်ရောက်ကုသမှု ခံယူနိုင်မယ့် နေရာတွေကို စီစဉ်ထားတဲ့အပြင် ကုသမှုနည်းလမ်းတွေနဲ့ ဆေးဝါးတွေကိုလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုနဲ့အတူ ခန္ဓာကိုယ်မှ ရေနဲ့ ဆားဓာတ်များ ဆုံးရှုံးကာ အရေပြားများ ပူလာခြင်း၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်းတို့ဖြစ်ပြီး ခေါင်းမူးခြင်း၊ ချွေးထွက်လွန်ခြင်း၊ ပျို့အန်ခြင်းတို့လည်း ဖြစ်ပွားတတ်ကြောင်း၊ ထိုအခြေအနေမျိုးမှာ မကုသပါက နောက်ထပ်တစ်ဆင့်အနေဖြင့် သတိလစ်မေ့မြောတာတွေဖြစ်လာကာ နောက်ဆုံးသေဆုံးနိုင်တဲ့အထိ ဖြစ်စေတာကြောင့် သတိပြုဖို့လိုအပ်တဲ့ အခြေအနေမျိုးလည်းဖြစ်တယ်လို့ သိရပါတယ်။

ကလေးများနဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ အရက်သေစာ သောက်စားထားသူတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားသူတွေမှာ အပူဒဏ်နဲ့ပတ်သက်တဲ့ ရောဂါအခြေအနေတွေ ပြင်းထန်တတ်ပြီး သတိလစ်တာတွေ၊ တက်တာတွေအထိ ဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ အပူဒဏ်နဲ့ပတ်သက်တဲ့ ရောဂါတွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက အစိုးရဆေးရုံတွေဆီကို တက်ရောက်ကုသခံတဲ့ လူနာဦးရေဟာ ၄၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

စီစီ