【 ပြည်တွင်း 】 သင်္ကြန်မိုး ပြည်နယ်နဲ့ တိုင်းအချို့တွင် ရွာဖို့ ရာခိုင်နှုန်းများနေဟု ဆို

【 ပြည်တွင်း 】 သင်္ကြန်မိုး ပြည်နယ်နဲ့ တိုင်းအချို့တွင် ရွာဖို့ ရာခိုင်နှုန်းများနေဟု ဆို

ရန်ကုန်၊ ဧပြီ - ၉

ရန်ကုန်နဲ့ ပြည်နယ်၊ တိုင်းအချို့မှာ ယခုရက်ပိုင်းအတွင်း အပူချိန်ကို သိသိသာသာလျော့ကျစေနိုင်တဲ့ သင်္ကြန်မိုး ရွာနိုင်ခြေများတယ်လို့ မိုးလေဝသခန့်မှန်းသည့် ပညာရှင်များက ဆိုပါတယ်။

မိုးလေဝသသတင်းတွေကို အချိန်ယူဖော်ပြပေးနေတဲ့ MMweather page ဖော်ပြချက်မှာတော့ ရေခိုးရေငွေ့ပမာဏ ပါဝင်မှုများတဲ့ တိမ်များက  မြောက်အရပ်ဘက်သို့ တဖြည်းဖြည်းရွေ့လျှားလျက်ရှိပြီး မုတ်သုံမျဉ်းလမ်းကြောင်းကလည်း အင်ဒို၊ မလေးနဲ့ စင်ကာပူနိုင်ငံတို့ရဲ့အပေါ်သို့ ရောက်ရှိလျက်နေလို့  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိမ်အချို့၊ အရှေ့မြောက်အရပ်က ဝင်ရောက်လာတဲ့ လေအေးစီးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပူလေဖိအားနည်းရပ်ဝန်း (Heat Low or Thermal Low) ကြောင့် ပင်လယ်မှာဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့တွေက  ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းက လေစီးကြောင်းထဲသို့ ဝင်ရောက်ပြီး  ဧပြီ ၉ ရက်နေ့ ညပိုင်းက စလို့ ဧပြီ ၁၀ ရက် ၁၁ ရက်နေ့အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် တနင်္သာရီတိုင်း၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးထစ်ချုန်းရွာနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့  နေ့အပူချိန်မြင့်မားမှုကြောင့် ညနေပိုင်းနဲ့ ညပိုင်း အပူချိန်တွေကျသွားချိန်၊ လေအေးစီးကြောင်းများ တိုးဝင်လာချိန်ကျမှသာ မိုးရွာသွန်းမှုဖြစ်ပေါ်နိုင်ကာ ရွာရန် ရာခိုင်နှုန်းကတော့ ၂၀ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရပါတယ်။