【 ပြည်တွင်း 】 လေကြောင်းရန် စိုးရိမ်မှုတွေကြောင့် ကြက်သွန်ရိတ်သိမ်းမှုတွေ နှောင့်နှေးနေရ

【 ပြည်တွင်း 】 လေကြောင်းရန် စိုးရိမ်မှုတွေကြောင့် ကြက်သွန်ရိတ်သိမ်းမှုတွေ နှောင့်နှေးနေရ

ဆိပ်ဖြူ၊ ဧပြီ - ၂၂

မကွေးတိုင်း၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်တွေက တောင်သူတွေဟာ လေကြောင်းရန်စိုးရိမ်မှုတွေရှိနေတာကြောင့် ကြက်သွန်နီရိတ်သိမ်းမှုတွေမှာ နှောင့်နှေးမှုတွေရှိနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

သင်္ကြန်ကာလအတွင်းက ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်တွေမှာ လူသေဆုံးမှုတွေရှိခဲ့တဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတချို့ရှိခဲ့ပြီး လက်ရှိအချိန်မှာလည်း လေယာဉ်ပျံဝဲမှုတွေ ဆက်ရှိနေသေးတာကြောင့် စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။

“လေယာဉ်က နေ့တိုင်းဝဲနေတာဆိုတော့ ကြက်သွန်နုတ်ဖို့က မလွယ်ဘူးလေ။တော်ကြာနေရင်း ကတုတ်ကျင်းထဲ ဆင်းပြေးရင်းဆိုတော့ လုပ်ငန်းက ရှေ့မရောက်တော့ဘူး။နုတ်ဖို့က အများကြီးကျန်သေးတယ်။တချို့အခင်းတွေဆို ရက်တောင် တော်တော်လွန်နေပြီ” လို့ ဆိပ်ဖြူမြို့နယ်မှ တောင်သူတစ်ဦးက ပြောပါတယ်။

ကြက်သွန်နီရိတ်သိမ်းမှုတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် အဲဒီဒေသတွေမှာ နေ့အပူချိန်မြင့်မားမှုတွေရှိခဲ့တာကြောင့် ရိတ်သိမ်းမှုတွေ ကြန့်ကြာခဲ့ရသလို လက်ရှိအချိန်မှာလည်း လေကြောင်းရန်ကြောင့် နှောင့်နှေးမှုတွေ ဆက်ရှိနေတာဖြစ်ပါတယ်။

ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်တွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်း ကြက်သွန်စိုက်ပျိုးမှုတွေ ရပ်ဆိုင်းလုနီးပါးအထိရှိခဲ့ပြီး အခုနှစ်မှ စိုက်ပျိုးမှုတွေအများအပြား ပြန်လည်လုပ်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။