【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် - ၃၀

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား စတင်ဖော်ဆောင်လာသည့် ၈ နှစ်အတွင်း၌ အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွမှုခွန်အားများ ဖြည့်သွင်းပေးပြီး ဒေသတွင်းလုံခြုံရေးအတွက် ခိုင်ခံ့သော ဒိုင်းကာကြီး တည်ဆောက်ပေးကာ ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်မှုအတွက် သံယောဇဉ်ကြိုးကို ခိုင်မြဲစွာချည်နှောင်လိုက်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် အောင်မြင်မှုအသီးအပွင့်များက ဒေသခံပြည်သူများကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အတူ တရုတ်ပုံစံခေတ်မီမှုသည် မဲခေါင်မြစ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးစီးပွားအသစ်များ သယ်ဆောင်လာပေးသကဲ့သို့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စွမ်းဆောင်ချက်အသစ်များ ဖြည့်ဆည်းပေးလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး အယူအဆကို တစ်ဆင့်တိုးကျင့်သုံးကာ မြန်မာနိုင်ငံ စသည့် မဲခေါင်မြစ်နိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင် အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်သွားပြီး ဒေသတွင်းပြည်သူများ အကျိုးစီးပွားကို အဆက်မပြတ်တိုးမြှင့်သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် စီမံကိန်းဖော်ဆောင်သည့် ဝန်ကြီးဌာန ၁၄ ခုမှ ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအခြေစိုက် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံမှ သံတမန်များနှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အောင်အောင်
Photo - တရုတ်သံရုံး