【 ပြည်တွင်း 】 မြန်မာ့သရက်သီးများ တရုတ်ပြည်သို့ တင်ပို့နိုင်ရေး ဆွေးနွေး

【 ပြည်တွင်း 】 မြန်မာ့သရက်သီးများ တရုတ်ပြည်သို့ တင်ပို့နိုင်ရေး ဆွေးနွေး

ရန်ကုန်၊ ဧပြီ - ၁၃
 
မြန်မာ့သရက်သီးများ တရုတ်ပြည်သို့ တင်ပို့နိုင်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
 
ဧပြီလ ၁၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ရုံးတွင် အသင်းတာဝန်ရှိသူများ၊ သရက်သီးစိုက်တောင်သူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း တာဝန်ခံအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ခွာညိုသစ်သီးပွဲရုံက ထုတ်ပြန်ထားပါတယ်။
 
အဆိုပါတွေ့ဆုံမှုတွင် ဖြစ်နိုင်သော လမ်းကြောင်းများမှတစ်ဆင့် မြန်ဆန်စွာတင်ပို့နိုင်ရေး တရုတ်ဖက် စစ်ဆေးမှု မြန်ဆန်သက်သာရေးနှင့် ဖြစ်နိုင်သော ကုန်ထုတ်လမ်းကြောင်းများ ရှာဖွေတင်ပို့ရေးနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။
 
အထူးသဖြင့် ကျိုင်းတုံ-မိုင်းလား-တာလော့မှ တင်ပို့ရာတွင် ရင်ဆိုင်ရမည့် လမ်းကြောင်း အခွန်အခများနှင့် ကြာမြင့်မှုအခြေအနေများကြောင့် ကုန်သွယ်မှုအတားအဆီး (Trade barrier) များအတွက် ညှိုနှိုင်းပေါင်းစပ် အဖြေရှာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံက ထွက်ရှိတဲ့ စိန်တလုံးသရက်အပါအဝင် သရက်သီးများကို အိမ်နီးချင်းတရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် နှစ်စဉ်တင်ပို့နေခြင်းဖြစ်ပါတယ်။
 
အောင်အောင်
Photo - ခွာညိုသစ်သီးပွဲရုံ