【 ပြည်တွင်း 】 မန္တလေးမှာ အနုကြမ်းစီး သုံးလောင်းပြိုင် လူသတ်မှုဖြစ်

【 ပြည်တွင်း 】 မန္တလေးမှာ အနုကြမ်းစီး သုံးလောင်းပြိုင် လူသတ်မှုဖြစ်

မန္တလေး၊ ဧပြီ - ၁၂

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၁၀ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ အကွက်အမှတ် (၄၁၅) ထဲက နေအိမ်တစ်လုံးမှာ ယမန်နေ့ ည ၇ နာရီလောက်က နေအိမ် အနုကြမ်းစီးခံရပြီး မိသားစုလိုက် သုံးလောင်းပြိုင် အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

“အနုကြမ်းစီးပြီး အိမ်ရှိ လူအကုန်လုံးကို သတ်သွားမှုပါ၊ ဘာပစ္စည်းတွေပါသွားတယ်ဆိုတာ စစ်ဆေးနေဆဲပါ” လို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့အသိုက်အဝန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိသားစုဝင်သုံးဦးရဲ့ ဖုန်းနံပါတ်တွေကို ဆွေမျိုးတွေက ဆက်သွယ်မရလို့ နေအိမ်ကို သွားရောက်ကြည့်ရှုရာမှ နေအိမ်အတွင်း သုံးဦးစလုံး သေဆုံးလျက်အနေအထားနဲ့ တွေ့ခဲ့ရတာလို့ ရဲသတင်းအရ သိရပါတယ်။

နေအိမ်တံခါး သော့ခတ်ထားတာကို သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိသူတွေဆီ အကြောင်းကြားပြီး သော့ဖျက်ပြီး ဝင်ရောက်ကြည့်ရှု စစ်ဆေးတဲ့အခါမှာ နေအိမ်ပိုင်ရှင် ဦးမြင့်စိုး (အသက် ၆၀ နှစ်) ကို ရေချိုးခန်းထဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်လည်းကောင်း၊ ဇနီးဖြစ်သူ ဒေါ်မြသန်း (အသက် ၆၀ နှစ်) ကို ဦးခေါင်းဓားခုတ်ဒဏ်ရာနဲ့ သေဆုံးလျက်လည်းကောင်း၊ သားဖြစ်သူ ကိုထက်လင်းစိုး (အသက် ၄၀ နှစ်) ကို နေအိမ်အိပ်ခန်းထဲ မှောက်လျက်အနေအထားနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးလျက်လည်းကောင်း တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ သတင်းအရ သိရပါတယ်။

အနုကြမ်းစီးခံရတဲ့ နေအိမ်ဟာ လက်ရှိမှာ မိသားစုဝင်သုံးဦးထဲ နေထိုင်နေကြတာဖြစ်ပြီး၊ သမီးနှစ်ဦးက နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်-လုပ်နေသူတွေဖြစ်တယ်လို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။

“ဒီနေရာက လူပြတ်တဲ့နေရာလည်း မဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်မှာလည်း အိမ်တွေ ဆိုင်ခန်းတွေနဲ့ ပြည့်နေတာပါ၊ ပစ္စည်းရှိမှန်းသိတဲ့လူက လုပ်သွားတာ ဖြစ်နိုင်တယ်” လို့ အိမ်နီးနားချင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒီဖြစ်စဉ်အပေါ်၊ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ် (၃) ဗဟိုရပ်ကွက်ထဲက ရက်ကန်းလုပ်ငန်းလုပ်တဲ့ နေအိမ်တစ်အိမ်မှာ လေးလောင်းပြိုင် လူသတ်ခံရမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

ဖြူလုံး