【 ပြည်တွင်း 】 မန္တလေးမှာ သင်္ကြန်ပစ္စည်း အရောင်းကျ

【 ပြည်တွင်း 】 မန္တလေးမှာ သင်္ကြန်ပစ္စည်း အရောင်းကျ

မန္တလေး၊ ဧပြီ - ၁၂
 
င်္သကြန်ပန်းကုံးတွေအပါအဝင် ကစားစရာပစ္စည်းတွေဟာ ဒီနှစ်မှာလည်း ရောင်းအားတက်မလာဘဲ၊ တချို့နေရာတွေမှာ အရောင်းအဝယ်မဖြစ်သလောက် အခြေအနေဖြစ်ခဲ့တယ်လို့ သင်္ကြန် 
ပစ္စည်း လက်လီလက်ကား ရောင်းချသူတွေဆီကနေ သိရပါတယ်။
 
“တစ်နေကုန်လို့မှ တစ်ခုမရောင်းရတဲ့ ရက်တွေလည်းရှိခဲ့တယ်၊ စရောင်းတာတော့၊ တစ်ပတ်အလိုလောက်က စရောင်းတာ၊ ဒီနှစ်လည်း မရောင်းရဘူး၊ မနှစ်ကထက်တောင် ပိုဆိုးတယ်” လို့ သင်္ကြန်နားနီးတဲ့အခါတိုင်း၊ သင်္ကြန်ပစ္စည်းမျိုးစုံကို တစ်ဆင့်ဝယ်ယူရောင်းချတဲ့ ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
 
သင်္ကြန်ပွဲ ဆင်နွှဲကြသူတွေအတွက် မရှိမဖြစ် သင်္ကြန်ပန်းကုံးတွေအပါအဝင် သင်္ကြန်ကစားစရာပစ္စည်းတွေကို၊ သင်္ကြန်နားနီးတဲ့အခါတိုင်း တစ်ပတ်ခန့်အလိုကနေ စတင်ရောင်းချတတ်ကြတာဖြစ်ပြီး၊ ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားနေချိန်မှာတောင် ရောင်းမလောက်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
 
“အခြေအနေကြည့်ပြီး ပစ္စည်းက တင်ရတာဆိုတော့၊ ဒီနှစ်လည်း အခြေအနေမကောင်းမှန်းသိလို့ ပစ္စည်းတွေ သိပ်မတင်ဖြစ်ဘူး၊ နယ်ဝယ်လက်ဆိုတာလည်း ရှိကိုမရှိတော့တာ၊ မန္တလေးကတစ်ဆင့် ပြန်ရောင်းတဲ့ ဆိုင်တွေကပဲ ဖောက်သည်လာယူတာမျိုးရှိတယ်၊ ဒီနှစ်လည်း သင်္ကြန်ပစ္စည်းအရောင်း တက်မလာသေးဘူး၊ ရောင်းအား တအားကျတယ်” လို့ သင်္ကြန်ပစ္စည်းဖြန့်ဖြူးတဲ့ လက်ကားကုန်သည်တစ်ဦးက ပြောပါတယ်။
 
ပြည်တွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားတဲ့နှစ်ကစပြီး၊ သင်္ကြန်ပွဲတော် မဖြစ်ခဲ့တာမှာ၊ မနှစ်ကအထိလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလုပ်တဲ့သင်္ကြန်ပွဲကလွဲလို့ ပုံမှန်အတိုင်း စည်ကားခဲ့တာမျိုးမရှိခဲ့ပါဘူး။
 
ဒီနှစ်မှာတော့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က လနဲ့ချီပြီး စီစဉ်ပြင်ဆင်ခဲ့ကြတာကို တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေ ဒီကနေ့အထိ စုံစမ်းသိရသလောက်၊ သင်္ကြန်ပွဲတော်အပေါ် ပြည်သူလူထု စိတ်ဝင်စားမှု လျော့ကျနေတာ တွေ့ရပြီး၊ ဒီအတွက်လည်း သင်္ကြန်ပစ္စည်းတွေ ရောင်းအားလျော့ကျနေဆဲအခြေအနေ ဖြစ်နေတာလို့ သင်္ကြန်ပွဲတော် စောင့်ကြည့်လေ့လာသူတွေက
ပြောပါတယ်။
 
နိုင်ငံရဲ့အထင်ကရ မဟာသင်္ကြန်ပွဲတော်ကြီးက၊ မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့မှာပဲ သင်္ကြန်အကြိုနေ့အဖြစ် စတင်ရောက်ရှိတော့မှာဖြစ်ပါတယ်။
 
မန္တလေးမြို့မှာတော့ သင်္ကြန်ပွဲတော်ရက်တွေအတွင်း ဈေးချိုတော်ကို ယာယီပိတ်ထားမှာဖြစ်ပြီး၊ ဧပြီလ ၁၉ ရက်နေ့မှ ပုံမှန်အတိုင်းပြန်ဖွင့်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။
 
ဘုရားပုထိုးနဲ့ စေတီကျောင်းကန်တွေကိုတော့၊ ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
 
ဖြူလုံး