【 ပြည်တွင်း 】 မန္တလေးက အိမ်ရှေ့မင်းထန်းတောအနီးမှာ မီနီအိုးဝေယာဉ်မောင်း ၁ ဦး လုယက် သတ်ဖြတ်ခံရ

【 ပြည်တွင်း 】 မန္တလေးက အိမ်ရှေ့မင်းထန်းတောအနီးမှာ မီနီအိုးဝေယာဉ်မောင်း ၁ ဦး လုယက် သတ်ဖြတ်ခံရ

မန္တလေး၊ ဧပြီ - ၁၁

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာအရှေ့ဘက်က အိမ်ရှေ့မင်းထန်းတောအနီးမှာ မနေ့က ညဦးပိုင်းလောက်က မီနီအိုးဝေအငှားယာဉ်မောင်းတစ်ဦး လည်ပင်းကို ဓားနဲ့လှီးသတ်ခံရပြီး လုယက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“လူတစ်ယောက် လဲကျနေတာတွေ့လို့ သက်ဆိုင်ရာတွေဆီ အကြောင်းကြားပြီး ရင်ခွဲရုံပို့လိုက်ပါတယ်၊ လည်ပင်းမှာ လှီးဖြတ်ထားတဲ့ ဒဏ်ရာနဲ့ သေတာပါ၊ နောက်ပိုင်း သူ့မိသားစုနဲ့ အဆက်အသွယ်ရတော့မှ သုံးဘီးရိုက်လုခံရတာလို့ သိရတယ်” လို့ ဖြစ်စဉ်သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခရီးသည်သွားပို့ပြီး အိမ်အပြန်လာ အခင်းဖြစ်နေရာအရောက်မှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပြီး၊ သေဆုံးအလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံပို့ဆောင်ထားပြီးနောက်မှ မိသားစုကသိရှိရတာဖြစ်တယ်လို့ သေဆုံးသူမိသားစုနဲ့ နီးစပ်ရင်းနှီးသူတွေက ပြောပါတယ်။

“သူ့အမျိုးသမီးက အဆက်အသွယ်မရလို့ လိုက်စုံစမ်းရာကနေ အသတ်ခံရပြီး ပစ္စည်းတွေပါ အလုခံလိုက်ရတာလို့ သိရတာ၊ လူမမယ်အရွယ် ကလေး-လေး ကျန်ခဲ့တယ်ဗျာ၊ မိသားစုက သူ့မှီခိုပြီးနေ-နေရတာ၊ ဒီနေ့နာရေးလုပ်ဖို့ ပြင်ဆင်နေတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လုယက်သူတွေဟာ အသတ်ခံရသူဆီကနေ မီနီအိုးဝေ၊ လက်ကိုင်ဖုန်းနဲ့ ငွေတွေကို လုယူထွက်ပြေးသွားကြောင်း၊ ဖြစ်စဉ်အပေါ် မိသားစုဝင်တွေဘက်က သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း၊ သေဆုံးသူရဲ့ ကျန်ရစ်သူမိသားစုအတွက် အကူအညီပေးစေလိုကြောင်း ဖြစ်စဉ်သိရှိခဲ့သူတွေကတစ်ဆင့် မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့မှာ ယမန်နှစ် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း အမရပူရမြို့နယ်ထဲက အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦး၊ ကိုယ်ပိုင်ကားနဲ့ အလုပ်ကိစ္စသွားပြီး အိမ်အပြန်လမ်းမှာ အသတ်ခံရပြီး၊ ကားလုယက်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။

ဖြူလုံး