【 ပြည်တွင်း 】 ပြည်ကြီးတံခွန်မြို့နယ်မှာ ချည်မျှင်စက်ရုံ မီးလောင်

【 ပြည်တွင်း 】 ပြည်ကြီးတံခွန်မြို့နယ်မှာ ချည်မျှင်စက်ရုံ မီးလောင်

မန္တလေး၊ ဧပြီ - ၁၂
 
ယမန်နေ့က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ထဲက ချည်မျှင်စက်ရုံမီးလောင်ကျွမ်းမှုမှာ၊ အဆောက်အဦတစ်ခုလုံးနီးပါး မီးလောင်ခံလိုက်ရတယ်လို့  မီးလောင်ပြင်ရောက်ရှိခဲ့ကြသူတွေဆီကနေ သိရပါတယ်။
 
“လောင်အားကောင်းကောင်းနဲ့ လောင်ခဲ့တာ အဆောက်အဦတစ်ခုလုံးနီးပါး မီးသင့်တယ်၊ ဘေးဝန်းကျင် မီးမကူးဖို့အတွက် ရဲဘော်တွေ တအားအသက်စွန့် ကြိုးပမ်းခဲ့ကြတယ် ဆုံးရှုံးမှုတော့ အတော်များတယ်လို့ ခန့်မှန်းတယ်” လို့ မီး ငြှိမ်းသတ်မှာပါဝင်ခဲ့တဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
စက်မှုလုပ်ငန်းတွေအများအပြားရှိတဲ့ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၂ လမ်း နဲ့ မင်္ဂလာကန်လမ်းထောင့်အနီးက စိန်ကမ္ဘာချည်မျှင်စက်ရုံမှာ ယမန်နေ့ ည ၁၁ နာရီ ၅၉ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။
 
အဲဒီမီးလောင်ကျွမ်းမှုမှာ မီးများလွန်းလို့ Level 2 အဆင့် သတ်မှတ် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပြီး၊ မီးလောင်ကျွမ်းမှုကြာချိန် တစ်နာရီနီးပါးခန့်ရှိခဲ့တယ်လို့လည်း မီးလောင်ပြင်ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့တဲ့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူကပြောပါတယ်။
 
“လူမှုရေးအသင်းတွေကတော့ ထုံးစံအတိုင်း နိုင်တဲ့ဘက်က ကူညီတာပါ၊ ဆလိုက်မီးထွန်းပြီးကူညီတယ်၊ ရေသယ်ယာဉ်တွေနဲ့ ရေသယ်ပေးကြတယ်၊ မီးငြှိမ်းရင်း ထိခိုက်မိတဲ့ ရဲဘော်တွေကို ဆေးစည်း ဆေးလိမ်းပေးတာတွေလည်းရှိတယ်၊ မီးက တစ်နာရီလောက် လောင်တာဆိုတော့ အတော်လေးဆုံးရှုံးမှုရှိနိုင်မယ် ထင်တာပဲ” လို့ ၎င်းကပြောပါတယ်။
 
ည ၁၁ နာရီ ၅၉ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို Level 2 အဆင့်နဲ့ မီးငြှိမ်းသတ်ပြီးနောက် နောက်တစ်ရက် မနက် ၁၂ နာရီ ၅၂ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
မီးလောင်ကျွမ်းမှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က ဆက်လက်စစ်ဆေး တွက်ချက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
 
ငွေတော်ကျီကုန်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကလည်း စက္ကူစက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပြီး အဆောက်အဦတစ်လုံးနဲ့ စက္ကူကုန်ကြမ်းပိဿာချိန် တစ်သောင်းခန့် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် ဧပြီလ ၉ ရက်နေ့မှာလည်း လူနေအိမ်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ရာမှ၊ အိမ် ၆ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
 
ဖြူလုံး
Photo - မီးသတ်နဲ့ လူမှုရေးအသင်းများမှ