【 ပြည်တွင်း 】 နေပြည်တော် အိမ်ခြံမြေစျေးကွက်အတွင်း အရောင်းအဝယ်အေးနေ

【 ပြည်တွင်း 】 နေပြည်တော် အိမ်ခြံမြေစျေးကွက်အတွင်း အရောင်းအဝယ်အေးနေ

နေပြည်တော်၊ ဧပြီ - ၂၃

နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် အရောင်းရှိသော်လည်း ဝယ်လက်မရှိသဖြင့် အရောင်းအဝယ် အေးစက်နေတယ်လို့ ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်တချို့ထံမှ သိရပါတယ်။

“ရောင်းမဲ့သူတွေရှိတယ်။ဒါပေမဲ့ ဝယ်မယ့်သူမရှိဘူးလို့ ပြောရမှာပေါ့၊ သင်္ကြန်မတိုင်ခင်ထဲက ဝယ်လက်ပျောက်နေတာ ရွှေဈေးအတက်အကျတွေနဲ့လည်းဆိုင်သလို တခြားသောအခြေအနေတွေကြောင့်လည်း ပါတယ်။ပြီးတော့ မြေဈေးတွေကလည်း မြင့်လာတာနဲ့လည်း ဆိုင်တယ်၊ ရောင်းတဲ့ဖက်က ဈေးတွေ စွတ်အော်နေတော့ ဝယ်တဲ့ဖက်က ငြိမ်နေကြတာလည်း ပါတယ်၊ ဝိုင်းကွက်တစ်ကွက်ကို သိန်းတစ်ထောင်အောက် သိပ်မရှိဘူး။တစ်ထောင်အထက်မှာပဲရှိတယ်၊ ငွေပေါရင်သာဝယ်မယ် တစ်ကယ်နေမယ့်သူကြတော့ မဝယ်ကြဘူး” လို့ နေပြည်တော်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

နေပြည်တော်တွင် မြို့ပေါ်မြေကွက်များ အရောင်းပါးသော်လည်း ရွာမြေ၊လယ်ယာမြေများကို အကွက်ရိုက် ရောင်းချသည့် မြေကွက်များမှာ အရောင်းအဝယ်အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။

“အခုအရောင်းအဝယ်ရှိတာက ရွာမြေခြံကွက်တို့ လယ်ယာမြေ အကွက်ရိုက် ရောင်းတာတွေ နည်းနည်းပါးပါး အရောင်းအဝယ်ရှိတယ်၊ ရွာမြေဆိုတာက မြို့နဲ့နီးစပ်တဲ့ ရွာတွေထဲမှာရှိတဲ့ အိမ်ဝိုင်းခြံမြေတွေ၊ လယ်ယာမြေတွေကို ပေ ၄၀ ပတ်လည်တို့ ပေ ၄၀၊ ၆၀ ဒီလိုအကွက်တွေ ရိုက်ရောင်းကြတာ၊ တစ်ကွက် သိန်း ၁၅၀ လောက်ကနေ ၃၀၀ ကြားရှိတယ်။တချို့အကွက်တွေဆို သိန်း ၁၀၀ ဝန်းကျင်ပေါ့။ဒါတွေကတော့ အရောင်းအဝယ်ရှိတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လင်းလင်း