【 ပြည်တွင်း 】 နေပူရှိန်ပြင်းလွန်း၍ သံဃာတစ်ပါး ရုတ်တရက်လဲကျကာ ပျံလွန်တော်မူ

【 ပြည်တွင်း 】 နေပူရှိန်ပြင်းလွန်း၍ သံဃာတစ်ပါး ရုတ်တရက်လဲကျကာ ပျံလွန်တော်မူ

ရန်ကုန်၊ ဧပြီ - ၁၀

နေပူရှိန်ပြင်းလွန်း၍ သံဃာတစ်ပါး ရုတ်တရက်လဲကျကာ ပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဧပြီလ (၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ (၉) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ ပင်းယမှတ်တိုင်အနောက်၊ အမှတ် (၃) ဝိုင်း၊ ဝမ်းတော်ပြည့်ဘုန်းကြီးကျောင်းဘေးမှာ သံဃာတစ်ပါး နေပူထဲမှာ ရုတ်တရက်လဲကျပြီး ပျံလွန်တော်မူသွားကြောင်း အကြောင်းကြားလာတာကြောင့် လူမှုကယ်ဆယ်ရေးအသင်းအနေနဲ့ သွားရောက်ခဲ့ပြီး သံဃာရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယခုလဲကျပြီး ပျံလွန်တော်မူသွားခဲ့တဲ့ သံဃာမှာ အမှတ် (၃) ဝိုင်းထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သီတင်းသုံးနေထိုင်သူဖြစ်ပြီး  သက်တော် (၄၀) ခန့်နဲ့ ဝါတော် (၁) ဝါခန့်ရှိတယ်လို့ သိရပါတယ်။ယခုလို ပျံလွန်တော်မူခြင်းမှ‌ာ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခဲ့တာလို့ ကနဦးယူဆထားကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နေပူထဲကနေ ပြန်လာတဲ့ လူငယ်တစ်ဦး အိမ်ရောက်ရောက်ခြင်း ရေသောက်လိုက်စဉ်မှာ လဲကျပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။

ရဲထက်