【 ပြည်တွင်း 】 နတ်သမီးကမ်းပါးမှာ လူငယ် ၅ ဦးရေဆင်းကူးရာ ၁ ဦးပျောက်ဆုံးနေ

【 ပြည်တွင်း 】 နတ်သမီးကမ်းပါးမှာ  လူငယ် ၅ ဦးရေဆင်းကူးရာ ၁ ဦးပျောက်ဆုံးနေ

ညောင်ဦး၊ ဧပြီ - ၂၄

ညောင်ဦး၊ နတ်သမီးကမ်းပါးမှာ လူငယ် ၅ ဦး ရေဆင်းကူးရာမှာ ၁ ဦး နစ်မြုပ်ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက ပုဂံညောင်ဦးဒေသ၊ နာမည်ကျော် နတ်သမီးကမ်းပါးရဲ့ ဧရာဝတီမြစ်ရေချိုးဆိပ်မှာ လူငယ် ၅ ဦး သောက်စားပျော်ပါးရင်း ရေဆင်းကူးရာကနေ ၁ ဦးမှာ ပြန်ပေါ်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပြီး ဒီကနေ့ မနက်ပိုင်းထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ညောင်ဦးမြို့နယ် မီးသတ်စခန်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နတ်သမီးကမ်းပါး မြစ်ချိုးရေဆိပ်ဟာ မြစ်ကြမ်းပြင်ဇောက်က ဒယ်အိုးသဖွယ် ဖြစ်တည်နေပြီး အောက်ရေက ရေစီးကြမ်းကာ အပြင်ကန်ထုတ် ပြောင်းပြန်စီးတဲ့အနေအထားမှာရှိတဲ့အတွက်  ဒေသခံမဟုတ်သူတွေ၊ ခရီးသွားတွေအနေနဲ့ ရေချိုးကစားပါက အရမ်းအန္တရာယ်များတယ်လို့ ညောင်ဦးမီးသတ်စခန်းရဲ့ တာဝန်ရှိသူပြောကြားချက်အရ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ လူငယ်ဟာ အသက် ၂၀ ဝန်းကျင်လောက်ဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းစဉ်တွေကို ညောင်ဦးမီးသတ်တပ်ဖွဲ့က ဦးဆောင်ပြီး  ရပ်ကွက်နေပြည်သူတွေ၊ သက်ဆိုင်သူတွေ၊ ဒေသခံရေငုပ်ကျွမ်းကျင်သူတွေနဲ့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

နေနေ
Photo - ညောင်ဦးမီးသတ်