【 ပြည်တွင်း 】 တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်း ပထမအဆင့်လုပ်ငန်းများ စတင်မည်

【 ပြည်တွင်း 】 တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်း ပထမအဆင့်လုပ်ငန်းများ စတင်မည်

ရန်ကုန်၊ မတ် - ၂၀

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်း ပထမအဆင့်လုပ်ငန်းများကို မကြာခင်မှာ စတင်အကောင်အထည်ဖော်တော့မယ်လို့ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း အကောင်အထည်ဖော်မယ့် ၂၃၀ ကေဗွီ စီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) အစီရင်ခံစာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သက်သေခံလက်မှတ် ECC ထုတ်ပေးထားကြောင်း သိရပါတယ်။

Chinese Working Group (CWG) က အကောင်အထည်ဖော်ဆောင်ရွက်မယ့် အဆိုပါစီမံကိန်းရဲ့ ပထမအဆင့်အဖြစ် တရုတ်နိုင်ငံ၊ ယူနန်ဒေသကနေ ၁၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းနဲ့ သွယ်တန်းသွားမယ်လို့ ဆိုပါတယ်။

စီမံကိန်းလုပ်ငန်းများတွင် ၃ ဒသမ ၈၁ ဟက်တာ အကျယ်အဝန်းရှိသည့် မူဆယ်ဓာတ်အားခွဲရုံနှင့် ယင်းဓာတ်အားခွဲရုံသို့ ဖောက်လုပ်မည့် ၁၆၀၀ မီတာ အရှည်ရှိသော အဝင်လမ်းတို့ကိုလည်း စီမံကိန်းကာလအတွင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

စီမံကိန်းအဆိုပြုသူအဖြစ် CWG ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Zhou Bo လို့ ဖော်ပြထားပြီး ECC သက်တမ်းကို ၅ နှစ် သတ်မှတ်ပေးထားကာ ၂၀၂၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

အဆိုပါစီမံကိန်းတွင် မဟာဓာတ်အားလိုင်းမှာ စုစုပေါင်း ၃၉ ဒသမ ၆ ကီလိုမီတာ ရှည်လျားပြီး တရုတ်ဘက်အခြမ်းတွင် ၁၀ ဒသမ ၆ ကီလိုမီတာနှင့် မြန်မာဘက်ခြမ်းတွင် ၂၉ ကီလိုမီတာရှိကြောင်း သိရပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာကို ဖြေရှင်းနိုင်ဖို့ အဖြေတစ်ခုလို့လည်း ဆိုထားပါတယ်။

အောင်အောင်