【 ပြည်တွင်း 】 တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏ ယခင်နှစ်ထက် ပိုများခဲ့

【 ပြည်တွင်း 】 တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏ ယခင်နှစ်ထက် ပိုများခဲ့

ရန်ကုန်၊ ဧပြီ - ၁၈
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ အရင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ပိုများခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ် လာ ၃၁၀၁.၅၅၂ သန်းသာရှိခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၃၂၇၉.၈၀၂ သန်း ရှိခဲ့ခြင်းကြောင့် ကာလတူထက် ဒေါ်လာ ၁၇၈ သန်းကျော် တိုးလာခြင်းဖြစ် ပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လကုန်အထိ တစ်နှစ်တာကာလအတွင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကနေ ပို့ကုန် ကန်ဒေါ်လာ ၂၁၄၅.၄၇၉ သန်း တင်ပို့ခဲ့ပြီးသွင်းကုန်အနေဖြင့် ဒေါ်လာ ၁၁၃၄.၃၂၃ သန်းတန်ဖိုး တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
“အမှန်ကတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုက ပြီးခဲ့တဲ့ဘဏ္ဍာနှစ် နှစ်ဝက်ကျော်အထိ ကုန်သွယ်မှုအားကောင်းခဲ့တယ်။ ၂၀၂၃ အောက်တိုဘာလကုန်ပိုင်းကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း အခြေအနေကြောင့် အဓိကကုန်သွယ်ရေးစခန်းတွေရဲ့ ကုန်သွယ်မှုက ရပ်သွားတာပေါ့။အဲဒီကုန်သွယ်ရေးစခန်းတွေ ကနေ ကုန်သွယ်မှု မရပ်သွားဘူးဆိုရင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏက ဒီထက်ပိုများဖို့ပဲရှိတယ်” လို့ မူဆယ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။
 
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတွေကို မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကံပိုင်တည်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
 
အောင်အောင်