【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရရှိ

【 ပြည်တွင်း 】 တစ်နှစ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရရှိ

ရန်ကုန်၊ ဧပြီ - ၁၂

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ပြည်ပနိုင်ငံအသီးသီးသို့ ပဲမျိုးစုံ တန်ချိန် ၁၇ သိန်းကျော် တင်ပို့ခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ တန်ချိန် ၁၆ သိန်းကျော် တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၄၂.၈၅၈) သန်း ရရှိခဲ့သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပဲမျိုးစုံ တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မှုမှလည်း တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၁.၃၈၀) သန်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း ပြည်ပနိုင်ငံများသို့ နည်းလမ်းနှစ်သွယ်ကနေ ပဲမျိုးစုံတင်ပို့မှုဟာ စုစုပေါင်းတန်ချိန် ၁၉ သိန်းကျော်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၄၇၀ ကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုကဲ့သို့ ပြည်ပပို့ကုန် ပဲအမျိုးအစားများတွင် မတ်ပဲနှင့် ပဲတီစိမ်းကို အများဆုံးတင်ပို့ခြင်းဖြစ်ကာ တခြားသော ပဲစင်းငုံ၊ ကုလားပဲ၊ မြေထောက်ပဲ၊ ပဲလွန်းဖြူ၊ ထောပတ်ပဲများကိုလည်း တင်ပို့ခဲ့ရကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းမှာလည်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

လင်းလင်း