【 နိုင်ငံတကာ 】 SpaceX ၏ အကြီးစားဒုံးပျံသုံး Starship အာကာသယာဉ် တတိယအကြိမ် စမ်းသပ်ပြီး ပြန်လည်ဝင်ရောက်လာစဉ် ပျောက်ဆုံး

【 နိုင်ငံတကာ 】 SpaceX ၏ အကြီးစားဒုံးပျံသုံး Starship အာကာသယာဉ် တတိယအကြိမ် စမ်းသပ်ပြီး ပြန်လည်ဝင်ရောက်လာစဉ် ပျောက်ဆုံး

ပေကျင်း၊ မတ် - ၁၆

SpaceX ၏ အကြီးစားဒုံးကျည်သုံး Starship အာကာသယာဉ်သည် ကြာသပတေးနေ့တွင် တတိယအကြိမ် အာကာသစမ်းသပ်မှုအတွင်း ပျံသန်းမှုတစ်ခုလုံးနီးပါး ပြီးစီးခဲ့သော်လည်း ကမ္ဘာသို့ ပြန်လည်ဝင်ရောက်လာသောအခါ ပျက်စီးသွားပါတယ်။

Starship သည် ရည်မှန်းချက်ပန်းတိုင်သို့ ပြန်လည်ရောက်ရှိခါနီးတွင် အဆက်အသွယ် ပြတ်တောက်ပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ပျက်ကျသွားသည်ဟု ထိုကုမ္ပဏီက ပြောပါတယ်။

ပထမအဆင့် တွန်းတင်ဒုံးကျည်သည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး မက္ကဆီကိုနယ်စပ်အနီး တက္ကဆက်တောင်ပိုင်းစွန်းမှ လွှတ်တင်ပြီးနောက် ပျံသန်းမှုအစောပိုင်းအချိန်တွင် မက္ကဆီကိုပင်လယ်ကွေ့အတွင်း စောစီးစွာ ပေါက်ကွဲသွားခြင်းဖြစ်ပါတယ်။

“ဒီအာကာသယာဉ်ကို ပျောက်ဆုံးသွားတယ်။ဒါကြောင့် ဒီနေ့ဆင်းသက်မှုမရှိဘူး” ဟု SpaceX ပြောခွင့်ရသူ ဒန်ဟောက်က ပြောပါတယ်။ “ဒါပေမဲ့ ဒီတစ်ခါ ဘယ်လောက်အထိ ဝေးဝေးရောက်ခဲ့တယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ဖြစ်ရတယ်” ဟု သူကပြောပါတယ်။

၁၂၁ မီတာရှည်သော Starship သည် တည်ဆောက်ဖူးသမျှ ဒုံးကျည်များတွင် အကြီးမားဆုံးနှင့် အင်အားအပြင်းဆုံးဖြစ်ပြီး လွှတ်တင်လိုက်ပြီးနောက် မက္ကဆီကိုပင်လယ်ကွေ့သို့ ဦးတည်သွားပြီး အရှေ့ဘက်သို့ ပျံသန်းသွားပါတယ်။ယာဉ်ပေါ်တွင် မည်သည့် လူသား (သို့မဟုတ်) ဂြိုဟ်တုကိုမျှ သယ်ဆောင်သွားခြင်းမရှိပေ။

မိနစ်အနည်းငယ်ကြာသောအခါ လွှတ်တင်ပေးသည့် ဒုံးကျည်သည် ချောမွေ့စွာဖြင့် အာကာသယာဉ်မှ ခွဲထွက်သွားပြီး အကောင်းပကတိ ပင်လယ်တွင် ကျဆင်းရမည့်အစား ပင်လယ်ကွေ့မှ ၄၆၂ မီတာသာ ကွာဝေးသော နေရာတွင် ပေါက်ကွဲသွားပါတယ်။ထို့နောက် အာကာသယာဉ်သည် အရှေ့ဘက်သို့ ဆက်လက်ကာ အထက်သို့ တက်သွားပါတယ်။

Starship သည် အတ္တလန္တိတ်နှင့် အာဖရိကကို ဖြတ်သန်းပြီး အိန္ဒိယသမုဒ္ဒရာသို့ ချဉ်းကပ်လာပြီး အမြင့်ပေ ၂၃၃ ကီလိုမီတာ အမြင့်အထိ ရောက်ခဲ့ပါတယ်။သို့သော် ပျံသန်းမှု ၄၉ မိနစ်ကြာပြီးနောက် ထပ်မံပျံသန်းရန် ၁၅ မိနစ်သာ လိုတော့သည့်အချိန်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီး အာကာသယာဉ်သည် တစ်စစီပေါက်ကွဲသွားသည်ဟု ယူဆရပါတယ်။

သို့သော် ယခုတတိယအကြိမ် စမ်းသပ်မှုတွင် လွန်ခဲ့သောနှစ်က ယခင်စမ်းသပ်မှု ၂ ခုထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ပြီး ထိုစမ်းသပ်မှု ၂ ခုသည် မိနစ်ပိုင်းသာကြာပြီး မက္ကဆီကိုပင်လယ်ကွေ့ပေါ်တွင် ပေါက်ကွဲသွားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG