【 နိုင်ငံတကာ 】 အိန္ဒိယပိုင်နက် အစိတ်အပိုင်းအဖြစ် အာရူနာချယ်ပရာဒက်ရှ်ကို အမေရိကန် အသိအမှတ်ပြုခြင်းအား တရုတ် ပြင်းပြင်းထန်ထန် ကန့်ကွက်

【 နိုင်ငံတကာ 】 အိန္ဒိယပိုင်နက် အစိတ်အပိုင်းအဖြစ် အာရူနာချယ်ပရာဒက်ရှ်ကို အမေရိကန် အသိအမှတ်ပြုခြင်းအား တရုတ် ပြင်းပြင်းထန်ထန် ကန့်ကွက်

ပေကျင်း၊ မတ် - ၂၂

အာရူနာချယ်ပရာဒက်ရှ်အား အိန္ဒိယပိုင်နက် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး ဝါရှင်တန်သည် အိန္ဒိယ-တရုတ် နယ်နိမိတ်အငြင်းပွားမှုနှင့် ဘာမှမသက်ဆိုင်ကြောင်း တရုတ်က ပြောခဲ့ပါတယ်။

ထို့အပြင် အခြားနိုင်ငံများ၏ အငြင်းပွားမှုများကို ၎င်း၏တစ်ကိုယ်ကောင်းဆန်သော ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားအတွက် သွေးထိုးလှုံ့ဆော်ကာ အသုံးပြုနေကြောင်း အမေရိကန်ကို  တရုတ်က ပြစ်တင်စွပ်စွဲခဲ့ပါတယ်။

အမေရိကန်က အာရူနာချယ်ပရာဒက်ရှ်ကို အိန္ဒိယပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပိတ်တယ်လ်၏ ပြောကြားချက်အပြီး နာရီပိုင်းအကြာမှာ တရုတ်ဘက်က ပြင်းထန်သော တုံ့ပြန်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပိတ်တယ်လ်က “စစ်မှန်သော ထိန်းချုပ်မှုမျဉ်းကိုဖြတ်၍ ကျူးကျော်ဝင်ရောက်မှုများ (သို့မဟုတ်) ကျူးကျော်ဝင်ရောက်မှုများဖြင့် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုရန် တစ်ဖက်သတ်ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ (အမေရိကန်) က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက  သတင်းစာရှင်းလင်းပွဲမှာ တရားဝင် တရုတ်မီဒီယာမှ အဆိုပါပတ်သက်တဲ့ မေးခွန်းကို ဖြေကြားစဉ် “တရုတ်က ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါတယ်” လို့ ပြောခဲ့ပါတယ်။  

လင်က တရုတ်-အိန္ဒိယ နယ်နိမိတ်မျဉ်းကို ကန့်သတ်ခြင်း မပြီးပြတ်သေးကြောင်း ပြောခဲ့ပြီး “Zangnan” (အာရူနာချယ်ပရာဒက်ရှ်၏ တရားဝင် တရုတ်အမည်) ဟာ အမြဲတမ်း တရုတ်နိုင်ငံရဲ့ နယ်မြေဖြစ်ပြီး  ဒါက ငြင်းလို့မရတဲ့ အခြေခံအချက်ဖြစ်ကြောင်း” ပြောခဲ့ကာ “တရုတ်-အိန္ဒိယ နယ်နိမိတ်ပြဿနာက တရုတ်နဲ့ အိန္ဒိယကြားက ပြဿနာဖြစ်ပြီး အမေရိကန်နဲ့ ဘာမှမဆိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

“တစ်ကိုယ်ကောင်းဆန်သော ၎င်း၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက် အခြားနိုင်ငံများရဲ့ အငြင်းပွားမှုများကို နည်းလမ်းပေါင်းစုံဖြင့် သွေးထိုးလှုံ့ဆော်ကာ အမေရိကန်က အသုံးချနေတာကို ကောင်းကောင်းသိတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ၎င်းပြည်နယ်သို့ လာရောက်လည်ပတ်ပြီးနောက် တရုတ်စစ်တပ်က အာရူနာချယ်ပရာဒက်ရှ်နှင့်ပတ်သက်ပြီး  ရပ်တည်ချက်ကို ထပ်လောင်းပြောကြားပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်အရာရှိရဲ့ ယခုလိုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး Zhang Xiaogang က ရှီးဇန့် (Xizang) (တိဗက်အတွက် တရုတ်အမည်) ၏ တောင်ဘက်ပိုင်းဟာ တရုတ်နိုင်ငံရဲ့ မွေးရာပါနယ်မြေဖြစ်ပြီး ပေကျင်းက “အာရူနာချယ်ပရာဒက်ရှ်” ကို တရားဝင်အသိအမှတ်ပြုခြင်း မရှိကြောင်းနဲ့ ပြတ်ပြတ်သားသား ကန့် ကွက်ကြောင်း မတ် ၁၅ ရက်က ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Telegraphindia