【 နိုင်ငံတကာ 】 အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ အားပြင်းငလျင်များဆက်တိုက်လှုပ်ခဲ့သဖြင့် အနည်းဆုံး လူ ၃၂၀ သေဆုံး

【 နိုင်ငံတကာ 】 အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ အားပြင်းငလျင်များဆက်တိုက်လှုပ်ခဲ့သဖြင့် အနည်းဆုံး လူ ၃၂၀ သေဆုံး

ကဘူးလ်၊ အောက်တိုဘာ - ၈ 
 
အာဖဂန်နစ္စတန်အနောက်ပိုင်းတွင် အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ ယင်းအဖြစ်ကြောင့် ကြေကွဲဖွယ် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
 
ကုလသမဂ္ဂ၏အဆိုအရ အဆိုပါငလျင်လှုပ်ခတ်မှုအပြီးတွင် အနည်းဆုံး လူ ၃၂၀ သေဆုံးခဲ့ကြောင်း The Guardian သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။
 
ပြင်းအား ၆.၃ ရှိသော ကနဦးငလျင်သည် ဒေသတွင်း အကြီးဆုံးမြို့ဖြစ်သည့် ဟီရတ်၏ အနောက်မြောက်ဘက် ၂၄.၈ မိုင် (၄၀ ကီလိုမီတာ) ခန့် အကွာကို ဗဟိုပြုပြီး စတင်လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ယင်းနောက်တွင် ပြင်းအား ၅.၅ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) က ဖော်ပြခဲ့ပါတယ်။ 
 
ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် လှုပ်ခတ်ခဲ့သော ငလျင်နောက်တွင် ငလျင်များ တစ်နာရီကျော် ကြာ ဆက်လက်လှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံများမှ တိမ်းရှောင်သွားရသည့်အထိ ဒေသခံများကြား ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
 
ငလျင်ကြောင့် ပြိုကျတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။
 
ဟီရတ်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဘာရှားအာမက်က ကြောက်စရာကောင်းသော အတွေ့အကြုံကို ပြန်ပြောင်းပြောရာမှာ “ကျွန်မတို့ရုံးခန်းထဲမှာနေပြီး ရုတ်တရက် အဆောက်အဦက တုန်ခါလာတယ်။နံရံအင်္ဂတေများ ကြွေကျလာပြီး နံရံများအက်ကွဲလာတယ်။နံရံများနှင့် အဆောက်အဦအချို့ ပြိုကျတယ်။ငါ့မိသားစုကို ဆက်သွယ်လို့မရဘူး။ကွန်ရက်ချိတ်ဆက်မှုများကို ပြတ်တောက်ကုန်တယ်။ငါအရမ်းစိုးရိမ်ပြီး ကြောက်တယ်။ကြောက်စရာကောင်းတယ်” လို့ ပြောခဲ့ပါတယ်။
 
ကနဦးငလျင်လှုပ်ပြီးနောက် ချက်ချင်းဆိုသလိုပင် အမျိုးသမီးများနှင့် ကလေးများမှာ အထပ်မြင့် အဆောက်အအုံများနှင့်ဝေးရာ ကျယ်ပြန့်သောလမ်းများတွင် ခိုလှုံခဲ့ကြပါတယ်။ 
 
USGS မှ ထုတ်ပြန်သည့် ပဏာမအစီရင်ခံစာတွင် “သိသာထင်ရှားပြီး အသေအပျောက်များနိုင်သောအလားအလာရှိကာ သဘာဝဘေးအန္တရာယ်မှာ  ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နိုင်င်ခြေရှိပါတယ်။ 
 
ဤသတိပေးချက်အဆင့် ရှိ ယခင်ဖြစ်ရပ်များတွင် ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံတော်အဆင့်တုံ့ပြန်မှု လိုအပ်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။ 
 
ဟီရတ်ပြည်နယ်သည် အီရန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ငလျင်၏သက်ရောက်မှုကို အနီးနားပြည်နယ်များဖြစ်သည့် ဖာရတ်ချ်နှင့် ဘဂါစီတို့ပါ ခံစားခဲ့ရပါတယ်။ 
 
ယခုငလျင်လှုပ်ခြင်းနှင့်ပတ်သက်ပြီး တာလီဘန်အစိုးရ တာဝန်ရှိသူများက အသေအပျောက် (သို့မဟုတ်) ပျက်စီးမှုများနှင့်ပတ်သက်၍ ချက်ချင်းမှတ်ချက်ပေးခြင်းမရှိပေ။
 
Linko
Ref - Oneindia