【 နိုင်ငံတကာ 】 အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သီးခြားအုပ်စုဖွဲ့ခြင်း ရပ်ရန် တရုတ်သံရုံး တောင်းဆို

【 နိုင်ငံတကာ 】 အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သီးခြားအုပ်စုဖွဲ့ခြင်း ရပ်ရန် တရုတ်သံရုံး တောင်းဆို

ပေကျင်း၊ ဧပြီ - ၁၁

ဗြိတိန်နိုင်ငံမှ တရုတ်သံရုံးက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် နျူကလီးယား ပျံ့ပွားမည့် အန္တရာယ်နှင့်ပတ်သက်သည့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံကာအသိုက်အဝန်း၏ ကျယ်ပြန့်သော စိုးရိမ်မှုကို ဂရုမစိုက်ဘဲ သုံးပွင့်ဆိုင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ဗြိတိန်ရှိ တရုတ်သံရုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

AUKUS မဏ္ဍိုင် ၂ တွင် စွမ်းရည်မြှင့်တင်ရေး စီမံချက်အတွက် ၃ နိုင်ငံ ကာကွယ်ရေးဝန်ကြီးများက ဂျပန်နှင့် ပူးပေါင်းရေးအတွက် စဉ်းစားသုံးသပ်နေသည်ဟု ပြောခဲ့ပြီးနောက် သံရုံးပြောခွင့်ရသူတစ်ဦးက ထိုမှတ်ချက်ကို အင်္ဂနေ့တွင် ပြောခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့သောလုပ်ရပ်သည် နျူကလီးယားစွမ်းရည် ပျံ့ပွားမှုကို ဖြစ်စေပြီး အာရှ-ပစိဖိတ်တွင် လက်နက်ပြိုင်ဆိုင်မှု မြင့်မားစေကာ ဒေသတွင် ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း အထက်ပါပြောခွင့်ရသူ ပြောပါတယ်။

“ထိုကိစ္စကို တရုတ်က အလေးအနက်စိုးရိမ်ပြီး အခိုင်အမာဆန့်ကျင်သည်” ဟု သူကပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျ ကာကွယ်ရေးအကြီးအကဲများက ၎င်းတို့၏ အငြင်းပွားဖွယ် သုံးပွင့်ဆိုင် မဟာမိတ်အတွင်း ဂျပန်ကို ထည့်သွင်းရန် အစီအစဉ်ကို တနင်္လာနေ့တွင် ကြေညာခဲ့ပါတယ်။

AUKUS ၏ ပထမ မဏ္ဍိုင်သည် သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများရရှိရေး ကူညီရန်နှင့် အခြားအဆင့်မြင့်ကာကွယ်ရေးနည်းပညာ အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါတယ်။

အမေရိကန်အရာရှိများ ဦးဆောင်သည့် ဒုတိယမဏ္ဍိုင်မှာ ထိုလုံခြုံရေးစာချုပ်အတွင်း အခြားနိုင်ငံများကို ထည့်သွင်းပြီး ကွမ်တမ်ကွန်ပျူးတင်း၊ ဉာဏ်ရည်တုနှင့် ဆိုက်ဘာနည်းပညာများ မျှဝေရေးကို အာရုံစိုက်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျတို့အနေဖြင့် စစ်အေးတိုက်ပွဲစိတ်ဓာတ်ကို စွန့်လွှတ်ရန် မိမိတို့တိုက်တွန်းပြီး သီးခြားအုပ်စုဖွဲ့ခြင်း ရပ်ဆိုင်းရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင် ပြဿနာရှာခြင်းနှင့် အုပ်စုလိုက်ထိပ်တိုက်တွေ့ခြင်း ရပ်ဆိုင်းရန် တောင်းဆိုသည်ဟု ထိုသံတမန်ကပြောပါတယ်။

ဂျပန်သည် သမိုင်းမှ သင်ခန်းစာယူရမည်ဖြစ်ပြီး စစ်ဘက်လုံခြုံရေးနှင့်ပတ်သက်လျှင် ဆင်ခြင်တုံတရားရှိရမည်ဟု သူကပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG