【 နိုင်ငံတကာ 】 အမေရိကန်က ကွန်မြူနစ်တရုတ်ကို များစွာပိုမိုမှီခိုရအောင် ဘိုင်ဒင်လုပ်နေဟု နစ်ကီ ဟေလီပြော

【 နိုင်ငံတကာ 】 အမေရိကန်က ကွန်မြူနစ်တရုတ်ကို များစွာပိုမိုမှီခိုရအောင် ဘိုင်ဒင်လုပ်နေဟု နစ်ကီ ဟေလီပြော

ဝါရှင်တန်၊ စက်တင်ဘာ - ၂၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကကို ကွန်မြူနစ်တရုတ်အပေါ် များစွာပိုမိုမှီခိုရအောင် လုပ်နေကြောင်း ရီပတ်ဗလစ်ကန် သမ္မတလောင်းဖြစ်ရန် ရည်မှန်းနေသည့် နစ်ကီ ဟေလီ စွပ်စွဲလိုက်ပြီး အမေရိကကိုဆန့်ကျင်ရန် စွမ်းအင်ကို အသုံးပြုနေသည့် ရန်သူတိုင်းကို ရင်ဆိုင်မည်ဖြစ်ကြောင်း ကတိပြုလိုက်ပါတယ်။

သူသည် အိုကလာဟိုးမားတွင် ဟမ်း စွမ်းအင် အင်စတီကျူတွင် ကျင်းပသည့် အမေရိကန် စွမ်းအင်လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲဖွင့်ပွဲတွင် မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပါတယ်။

“ဘိုင်ဒင်က အမေရိကအနေနဲ့ ကွန်မြူနစ်တရုတ်ကို အများကြီးပိုမိုမှီခိုရအောင်လုပ်နေတယ်။ဒါပေမဲ့ ကျမတို့အနေနဲ့ အရေးပါတဲ့ပစ္စည်းတွေအတွက် ရန်သူကို မမှီခိုသင့်ဘူးဆိုတာ ကပ်ရောဂါက ပြသခဲ့တယ်” ဟု သူက ပြောခဲ့ပါတယ်။

“ကျမတို့လိုချင်တဲ့ အဆင့်အမြင့်ဆုံးနည်းပညာတွေဖော်ထုတ်ဖို့ ရင်းမြစ်တွေအားလုံး ကျမတို့မှာရှိတယ်။သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ကျမတို့ ဆင်းရဲနွမ်းပါးသွားအောင်လုပ်ဖို့ မလိုဘူး။ကျမတို့နိုင်ငံကို ပိုမိုသန့်ရှင်း၊ ပိုမိုကျန်းမာ၊ ပိုမိုပျော်ရွှင်စေဖို့ ကျမတို့  အမေရိကန်စွမ်းအင်ကို ပိုမိုအသုံးပြုရမယ်” ဟုလည်း သူမက ဆက်ပြောပါတယ်။

“ဒီကိစ္စမှာတာဝန်ရှိတာက တရုတ်တစ်နိုင်ငံတည်းမဟုတ်ဘူး။ကျမတို့ကိုဆန့်ကျင်ဖို့ စွမ်းအင်ကိုအသုံးပြုတဲ့ နိုင်ငံတိုင်းကို ကျမရင်ဆိုင်မယ်။ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလားတို့ဟာ သူတို့ရဲ့မကောင်းဆိုးရွားတွေကို အားပေးဖို့ သူတို့ရဲ့ရေနံကို အသုံးပြုကြပြီး ဂျိုးဘိုင်ဒင်ကလည်း သူတို့ကိုလွှတ်ထားပေးတယ်။ကျမကတော့ ခွင့်ပြုမှာမဟုတ်ဘူး။ကျမတို့ရဲ့ ရန်သူတွေကို သူတို့ရဲ့အဆိုးဆုံး အိပ်မက်ဆိုးနဲ့ မိတ်ဆက်ပေးမယ်။အဲဒါ အမေရိကန် စွမ်းအင်လွှမ်းမိုးမှုပဲ” ဟု ဟေလီက ပြောပါတယ်။

အမေရိကန်တွေလောက် ဘယ်သူမှ တီထွင်ဆန်းသစ်ပြီး ကျွမ်းကျင်မှုမရှိဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပြီဟုလည်း သူပြောပြီး “ကျမတို့တွေ အိပ်မက်မက်ဖို့ ရဲတင်းဖို့ လွတ်လပ်မှုရှိတဲ့အခါ ကျမတို့တွေဟာ ဘဝတွေကို မယုံကြည်နိုင်လောက်အောင် ပြောင်းလဲစေခဲ့တယ်။ကျမတို့ အခုအကောင်းဆုံးလုပ်နေသလိုမျိုး အမေရိကန်တွေလုပ်ခဲ့လို့ ကမ္ဘာဟာ ပိုမိုသန့်ရှင်း၊ ပိုမိုချမ်းသာ ပိုမိုဘေးကင်းလာတယ်” ဟုလည်း သူပြောပါတယ်။

နယူးယောက်ပို့စ်တွင်ရေးသားသည့် အတွေးအမြင်ဆောင်းပါးတွင် ဟေလီက တရုတ်နိုင်ငံသည် သေရေးရှင်ရေး ခြိမ်းခြောက်မှုဖြစ်ကြောင်း ဖော်ပြပါတယ်။တရုတ်သည် အမေရိကန်အလုပ်များကို ဖျက်ဆီးပစ်ပြီး ကြီးမားသော စစ်တပ်တည်ဆောက်ရန် အမေရိကန်လျှို့ဝှက်ချက်များကို ခိုးယူသည်ဟုလည်း သူကရေးပါတယ်။

“စစ်ကိုတားဆီးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ကျမတို့ရဲ့ လျှို့ဝှက်လက်နက်ကို ထုတ်သုံးရမယ်။အဲဒါကတော့ ကျမတို့လူလတ်တန်းစားကို တည်ဆောက်ခဲ့တဲ့ အမေရိကကို တီထွင်ဆန်းသစ်မှု ဗဟိုချက်ဖြစ်အောင်လုပ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံကို သေနတ်တစ်ချက်မှမဖောက်ဘဲ ဖြိုချခဲ့တဲ့ အင်အားပဲဖြစ်တယ်။လွတ်လပ်မှုဟာ တရုတ်ကွန်မြူနစ်စနစ်ကို သမိုင်းပြာပုံထဲမှာထားခဲ့မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု ဟေလီက ပြောခဲ့ပါတယ်။

“ဒါကြောင့် ဂျိုးဘိုင်ဒင်က လွတ်လပ်မှုကို အမေရိကမှာ ဆိုရှယ်လစ်ဝါဒနဲ့ လဲလှယ်တဲ့အခါ ပေကျင်းက ဘယ်လောက်ပျော်မလဲ စဉ်းစားကြည့်ပါ။သူက အမေရိကသမိုင်းမှာ သြဇာအကြီးဆုံး အထိန်းချုပ်ဆုံး အစိုးရကို တည်ဆောက်နေပြီး မိသားစုတွေကို ချိနဲ့အောင်လုပ်ပြီး ကျမတို့နိုင်ငံကို အင်အားချိနဲ့စေတယ်။ဘိုင်ဒင်က ဒေါ်လာ ၆ ထရီလီယံတောင်သုံးပြီး အစိုးရကို အားကိုးကြီးထွားအောင်လုပ်ရင် ငွေကြေးဖောင်းပွမှု မြင့်မားစေတယ်” ဟုလည်း သူမကပြောပါတယ်။

Linko
Ref - Indiatoday