【 နိုင်ငံတကာ 】 အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ထိုင်ဝမ်မှာ အဆောက်အအုံများ ပျက်စီး

【 နိုင်ငံတကာ 】 အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ထိုင်ဝမ်မှာ အဆောက်အအုံများ ပျက်စီး

တိုင်ပေ၊ ဧပြီ - ၃

အင်အားပြင်းငလျင်တစ်ခု ဗုဒ္ဓဟူးနေ့မနက်က ထိုင်ဝမ်ကျွန်းကို လှုပ်ခတ်ခဲ့ရာ တောင်ပိုင်းမြို့ရှိ အဆောက်အအုံများ ပျက်စီးကာ ဂျပန်တောင်ပိုင်းကျွန်းများဆီသို့ ဦးတည်သွားသည့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်မြေငလျင်စောင့်ကြည့်ရေးအေဂျင်စီက ဗုဒ္ဓဟူးနေ့ မနက် ငလျင်ဟာ ရစ်ခ်ျတာစကေး ၇.၂ ရှိပြီး အမေရိကန်ဘူမိတိုင်းတာရေးက ငလျင်ပြင်းအား ၇.၄ အဆင့်ရှိကြောင်း ပြောပါတယ်။

ထိုင်ဝမ် ဟွာလီယန်ရှိ ငါးထပ်အဆောက်အအုံမှာ ပထမထပ်ပြိုကျမှုကြောင့် ကြီးကြီးမားမား ပျက်စီးသွားကာ ကျန်အဆောက်အအုံ အကြွင်းအကျန်မှာ ၄၅ ဒီဂရီ စောင်းငဲ့သွားခဲ့ပါတယ်။မြို့တော်တိုင်ပေတွင် အဆောက်အအုံဟောင်းများနှင့် ရုံးခန်းအသစ်အချို့အတွင်းမှ ကြွေပြားများ ကြွေကျခဲ့ပါတယ်။

ငလျင်သည် ဟွာလီယန်၏ အနောက်တောင်ဘက် ၂၂ မိုင်အကွာတွင် ဗဟိုပြု၍ နံနက် ၇ နာရီ ၅၈ မိနစ်တွင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်ပေရှိ မြေအောက်ရထားဝန်ဆောင်မှုများကဲ့သို့ လူပေါင်း ၂၃ သန်းကျော် အားထားရသည့် ကျွန်းတစ်ဝန်းရှိ ရထားဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်ရပါတယ်။

သို့သော် ကလေးတွေ ကျောင်းတက်ကြပြီး မနက်ပိုင်း အလုပ်သွားအပြန် ပုံမှန်အတိုင်း ပြန်ပေါ်လာတာကြောင့် မြို့တော်မှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပါပြီ။

ထိုင်ဝမ်မြေငလျင်စောင့်ကြည့်ရေးဗျူရို အကြီးအကဲ ဝူချန်ဖူးက တရုတ်နိုင်ငံကမ်းလွန်ရှိ ထိုင်ဝမ်ထိန်းချုပ်ထားသော ကင်မန်ကျွန်းအကွာအဝေးထိ သက်ရောက်မှုများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကနဦး ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်း တိုင်ပေတွင် နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်သွားခဲ့ပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီက ဂျပန်နိုင်ငံတောင်ပိုင်း၊ အိုကီနာဝါကျွန်းစုတွင် သုံးမီတာအမြင့်အထိ ဆူနာမီဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပါတယ်။

ငလျင်လှုပ်ပြီး ၁၅ မိနစ်ခန့်အကြာတွင် ယောင်ဂူနီကျွန်း ကမ်းရိုးတန်းတွင် ၃၀ စင်တီမီတာ လှိုင်းလုံးကြီးတစ်ခုကို တွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါ အိုကီနာဝါဒေသတစ်ဝိုက် ဆူနာမီလှိုင်းရိုက်ခတ်မှုဆိုင်ရာ အချက်အလက်စုဆောင်းရန်အတွက် အဆိုပါဒေသသို့ လေယာဉ်များစေလွှတ်ခဲ့ပါတယ်။လိုအပ်ပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန်လည်း ပြင်ဆင်နေပါတယ်။

ပစိဖိတ် ဆူနာမီသတိပေးဌာနက ဟာဝိုင်အီ (သို့မဟုတ်) ဂူအမ်တွင် ဆူနာမီအန္တရာယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်တွင်  ၁၉၉၉ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်မှာ အကြီးမားဆုံးထိခိုက်စေသည့် ငလျင်လို့ ယူဆရပါတယ်။ထိုင်ဝမ်သည် ပစိဖိတ် ‘မီးကွင်း’ တစ်လျှောက်တွင် တည်ရှိပြီး ထိုနေရာတစ်လျှောက်မှာ ကမ္ဘာ့ငလျင်အများစု ဖြစ်ပွားသည့် ပစိဖိတ်သမုဒ္ဒရာကို ဝန်းရံထားသည့် ငလျင်ပြတ်ရွေ့ကြောများဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - LBC