【 နိုင်ငံတကာ 】 ဟောင်ကောင်အတွက် အမေရိကန် ကြေညာချက်ကို တရုတ်ဝေဖန်ပြီး တရားဥပဒေစိုးမိုးမှုကို လေးစားရန်ပြော

【 နိုင်ငံတကာ 】 ဟောင်ကောင်အတွက် အမေရိကန် ကြေညာချက်ကို တရုတ်ဝေဖန်ပြီး တရားဥပဒေစိုးမိုးမှုကို လေးစားရန်ပြော

ပေကျင်း၊ မတ် - ၃၁
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဟောင်ကောင်မူဝါဒအက်ဥပဒေ အစီရင်ခံစာနှင့် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထုတ်ပြန်သည့် သက်ဆိုင်ရာ ကြေညာချက်များကို တရုတ်နိုင်ငံက ပြင်းထန်စွာဝေဖန်ပြီး အခိုင်အမာ ဆန့်ကျင်သည်ဟု အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံးက ပြောလိုက်ပါတယ်။
 
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အမျိုးသားလုံခြုံရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို အမေရိကန်ပြည်ထောင်စုက အယုံအကြည်ကင်းမဲ့ အသရေဖျက်ခြင်း အကြိမ်ကြိမ်လုပ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကို တစ်ဖက်သတ် အရေးယူပိတ်ဆို့ရန် ခြိမ်းခြောက်ကာ ၎င်းတို့တာဝန် ၎င်းတို့ထမ်းဆောင်နေသည့် ဟောင်ကောင်အရာရှိများကို အရေးယူပိတ်ဆို့သည်ဟု တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးက ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့ပါတယ်။
 
“ထိုလုပ်ရပ်ကို တရုတ်က ပြင်းထန်စွာရှုတ်ချပြီး အခိုင်အမာဆန့်ကျင်သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်ရေးရာများနှင့် တရုတ်၏ အခြားပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှု ချက်ခြင်းရပ်သင့်သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။
 
ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ အမျိုးသားလုံခြုံရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေသည် မတ်လ ၂၃ ရက်နေ့တွင် စတင်အသက်ဝင်ပြီး ဟောင်ကောင် အခြေခံဥပဒေ ပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားသည့် ဥပဒေပြုရေးလုပ်ငန်းကို အပြီးအပြတ်လုပ်နိုင်ခဲ့ပါတယ်။
 
ထိုဥပဒေသည် အခြားနိုင်ငံများ အတွေ့အကြုံများကို အထူးသဖြင့် အများပြည်သူဥပဒေစီရင်ပိုင်ခွင့်ကို အပြည့်အ၀ ကိုးကားထားပြီး လူ့အခွင့်အရေးကို လေးစား အကာအကွယ်ပေးကာရာဇဝတ်မှု၏ အစိတ်အပိုင်းများကို ရှင်းလင်းစွာ ဖွင့်ဆိုပြီး ရာဇဝတ်မှုနှင့် ရာဇဝတ်မှုမဟုတ်သော အရာများကို ခွဲခြားပေးသည်ဟု အထက်ပါ တရုတ်သံရုံး ပြောခွင့်ရသူ ပြောခဲ့ပါတယ်။
 
ထိုဥပဒေသည် ဟောင်ကောင်မှ နိုင်ငံခြားအင်စတီကျူးရှင်းများ၊ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများ၏ ပုံမှန်လုပ်ငန်းများနှင့် ၎င်းတို့အတွက် နိုင်ငံတကာနှင့် အပြန်အလှန်ဆက်ဆံရန် လိုအပ်ခြင်းကို ထိရောက်သော အကာအကွယ်ပေးသည်ဟုလည်း သူကဆက်ပြောပါတယ်။
 
“ထိုဥပဒေသည် ဟောင်ကောင်မှ အဆင့်မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လုံး၀ထိပါးခြင်းမရှိသလို ဟောင်ကောင်၏ လက်ရှိ အရင်းရှင်စနစ်နှင့် လူနေမှုပုံစံကိုလည်း ပြောင်းလဲပစ်ခြင်း မရှိပေ” ဟုလည်း သူက ပြောပါတယ်။
 
ထိုဥပဒေသည် ဟောင်ကောင်ကို ၎င်း၏ ထူးခြားမှု၊ အဆင့်အတန်းနှင့် ခွန်အားများကို ပိုမိုမြှင့်တင်ပေးပြီး အခြားနိုင်ငံများ ဒေသများနှင့် အပြန်အလှန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ နိုင်ငံတကာဘဏ္ဍာရေး၊ သင်္ဘောပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးအချက်အခြာ အဆင့််အတန်းကို ပိုမိုကျစ်လစ်ခိုင်မာစေသည်ဟု သူဆက်လက်ဖော်ပြခဲ့ပါတယ်။
 
အမေရိကန်ပြည်ထောင်စုသည် အမျိုးသားလုံခြုံရေးကိစ္စများတွင် စံနှုန်းနှစ်မျိုးသုံးသည်ဟု ပြောခွင့်ရသူက စွပ်စွဲကာ အမေရိကန် ပြည်ထောင်စုတွင် ဥပဒေအများအပြားနှင့် ပြိုင်ဘက်ကင်းလောက်အောင် ပြည်ပတွင်ကျင့်သုံးနိုင်သည့် ဥပဒေများဖြင့် လုံးဝတင်းကျပ်သည့် အမျိုးသားလုံခြုံရေးစနစ်ရှိသော်လည်း ဟောင်ကောင် အမျိုးသားလုံခြုံရေး  ကာကွယ်ရေး ဥပဒေကိုသာ လက်ညှိုးအမြဲထိုးနေသည်ဟု သူကဆက်လက်ပြောပါတယ်။
 
“ထိုသို့လုပ်ခြင်းသည် နိုင်ငံရေး လှည့်စားမှုနှင့် ဘဝင်မြင့်နေသည့် စံနှုန်း ၂ မျိုးဖြစ်သည်” ဟုလည်း သူကပြောပါတယ်။
 
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်၏ အချုပ်အခြာအာဏာနှင့် ဟောင်ကောင်၏ တရား ဥပဒေစိုးမိုးမှုကို လေးစားကာ ဟောင်ကောင်ရေးရာများကို ဝင်ရောက်စွက်ဖက်ခြင်း ချက်ခြင်းရပ်ရန် သူက တောင်းဆိုခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG