【 နိုင်ငံတကာ 】 ဟားမားစ်-အစ္စရေး စစ်ပွဲ ဒုတိယနေ့ ဆက်လက်ဖြစ်ပွားနေ

【 နိုင်ငံတကာ 】 ဟားမားစ်-အစ္စရေး စစ်ပွဲ ဒုတိယနေ့ ဆက်လက်ဖြစ်ပွားနေ

တဲလ်အဗစ်၊ အောက်တိုဘာ - ၉

အစ္စရေးအစိုးရသည် ဟားမားစ်အဖွဲ့၏ ရုတ်တရက်တိုက်ခိုက်မှုကို စစ်ရေးအရ အကြီးအကျယ်တုံ့ပြန်ရန် တနင်္ဂနွေနေ့တွင် ခွင့်ပြုလိုက်ပြီး တရားဝင်စစ်ကြေညာကာ တောင်ပိုင်းမြို့များမှ တိုက်ခိုက်ရေးသမားများကို ချေမှုန်းရန် ကြိုးစားရင်း ဂါဇာကမ်းမြှောင်ဒေသကို အပြင်းအထန်ပစ်ခိုက်တိုက်ခိုက်နေပြီဖြစ်ပါတယ်။

တိုက်ပွဲကြောင့် နှစ်ဘက်လုံးမှ သေဆုံးသူ ၁၁၀၀ ကျော်ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။

ဟားမားစ်အဖွဲ့သည် ဂါဇာဒေသမှ မကြုံစဖူး ပြင်းထန်သော တိုက်ခိုက်မှုပြုလုပ်ပြီး ၂၄ နာရီကျော် ကြာသောအခါ အစ္စရေးတပ်များသည် တနင်္လာနေ့ နံနက်တွင် နေရာအများအပြားတွင် ခိုအောင်းနေသည့် စစ်သွေးကြွများကို တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။အစ္စရေးတွင် လူပေါင်း ၇၀၀ ကျော်သေဆုံးခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ မကြုံဖူးသည့် အရေအတွက်ဖြစ်သလို ဂါဇာတွင်လည်း လူပေါင်း ၄၀၀ ကျော် သေဆုံးပါတယ်။

တိုက်ခိုက်မှုအစောပိုင်းက ဟားမားစ်တိုက်ခိုက်ရေးသမားများ ဝင်ရောက်လာသည့် ကျေးလက်ဒေသ ၂ ခုအပါအဝင် ဟားမားစ် ထိန်းချုပ်ထားသည့် နေရာ ၄ ခုကို ပြန်လည်ရယူရန် အထူးတပ်ဖွဲ့များ စေလွှတ်ထားကြောင်း အစ္စရေး ပြောပါတယ်။

အစ္စရေးဘက်က ပြန်လည် စစ်ကြေညာသောကြောင့် လာမည့်ရက်များအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး မေးစရာဖြစ်လာသည့်ကိစ္စမှာ အစ္စရေးက ဂါဇာတွင် မြေပြင်ထိုးစစ် ဆင်၊ မဆင်ဆိုသော ကိစ္စဖြစ်လာပါတယ်။ယခင်က ဂါဇာတွင် အစ္စရေးက မြေပြင်ထိုးစစ်ဆင်ခြင်းသည် ထိခိုက်သေဆုံးမှု လွန်စွာများစေပါတယ်။

တစ်ချိန်တည်းတွင် ဟားမားစ်အဖွဲ့နှင့် ပိုမိုသေးငယ်သော အစ္စလာမ်မစ် ဂျီဟတ်အုပ်စုများက အစ္စရေးနိုင်ငံအတွင်းမှ လူပေါင်း ၁၃၀ ကို ဖမ်းဆီးပြီး ဂါဇာသို့ခေါ်ဆောင်သွားပြီး ထိုသူများကို အစ္စရေးကဖမ်းထားသည့် ပါလက်စတိုင်းထောင်ပေါင်းများစွာနှင့် လဲလှယ်မည်ဟု ပြောပါတယ်။ အတည်မပြုနိုင်သေးသော ထိုကြေညာချက်သည် ဖမ်းဆီးထားမှု အတိုင်းအတာကို ပထမဆုံးဖော်ပြခြင်းဖြစ်ပါတယ်။

ထိုသို့ဖမ်းဆီးထားသူများတွင် စစ်သားများနှင့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားများပါဝင်သလို အခြားနိုင်ငံသားအချို့လည်းပါဝင်သည်။ထိုဖမ်းဆီးခံရသူအရေးအတွက် လွန်စွာများပြားကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

စနေနေ့ နံနက်က စတင်သော တိုက်ခိုက်မှုတွင် ဟားမားစ် တိုက်ခိုက်ရေးသမား ၁၀၀၀ ခန့်အထိပါဝင်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ABC သတင်းဌာန၏ This Week  အစီအစဉ်သို့ ပြောပါတယ်။ဂါဇာကို အုပ်ချုပ်သည့် ဟားမားစ်အဖွဲ့၏ ကြိုတင်စီစဉ်မှုကို ထိုသို့မြင့်မားသည့် ကိန်းဂဏန်းများက ပြသနေပြီး ထိုသို့တိုက်ခိုက်ရခြင်းသည် အစ္စရေးက ဂါဇာကို သိမ်းပိုက်ပိတ်ဆို့မှုကြောင့် ပါလက်စတိုင်း ပြည်သူများ၏ ဒုက္ခအတွက် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဟားမားစ်က ပြောခဲ့ပါတယ်။

သေနတ်သမားများက နာရီပေါင်းများစွာပစ်ခတ်နေပြီ အရပ်သားများကို မြို့များ၊ အဝေးပြေးလမ်းများနှင့် နည်းပညာဂီတပွဲတော်တစ်ခုတွင် ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်း Zaka က ထိုပွဲတော်နေရာတွင် အလောင်း ၂၆၀ ကျော်ကို ရှင်းလင်းရကြောင်းပြောပြီး ထိခိုက်သေဆုံးသူအရေအတွက် မြင့်မားလာမည်ဟု ပြောခဲ့ပါတယ်။ထိုသေဆုံးမှုများသည် အစ္စရေးက ထုတ်ပြန်သည့် စာရင်းများတွင် ပါ၊ မပါ မသိရသေးပေ။

လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာမှ ပစ်မှတ် ၈၀၀ ကျောက်ကို တိုက်ခိုက်သည်ဟု အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။ထို့ကြောင့် ဂါဇာကမ်းမြှောင်ဒေသ အရှေ့မြောက်ဘက်စွန်းမှ ဘိတ်ဟာနောင်မြို့၏ အများစုပျက်စီးသွားပြီဖြစ်ပါတယ်။

အစ္စရေး ဒုရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက သတင်းထောက်များကို ပြောကြားရာတွင် ဟားမားစ်အဖွဲ့သည် ထိုမြို့ကို အခြေခံဒေသအဖြစ် အသုံးပြုနေသည်ဟု သိရပါတယ်။မည်မျှထိခိုက်သေဆုံးသည်ကို လတ်တလောမသိရသေးသော်လည်း ထိုမြို့တွင် နေထိုင်သူအများစုသည် တိုက်ခိုက်မှုမတိုင်မီကပင် ထွက်ပြေးသွားသည်ဟု ယူဆရပါတယ်။

“ကျနော်တို့က ဒီအတိုင်းဆက်တိုက်မယ်။ဟားမားစ်အသုံးပြုနေတဲ့ နေရာတိုင်း လမ်းကြောင်းတိုင်းမှာ အဆက်မပြတ်တိုက်မယ်” ဟု ဟာဂါရီ ပြောပါတယ်။

နှစ်ဘက်လုံးမှ အရပ်သားများသည် ကြီးမားသောတန်ဖိုး ပေးဆပ်နေရပါတယ်။အစ္စရေးစစ်တပ်သည် ဂါဇာနှင့် နီးကပ်သော မြို့ ၅ မြို့ကို အရေးပေါ် ရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။

လူအများအပြားသည် အစ္စရေး ဗဟိုရဲစခန်းတစ်ခုအနီးတွင် တန်းစီနေပြီး ပျောက်ဆုံးနေသော မိသားစုဝင်များကို ရှာဖွေရန် DNA မျိုးဗီဇနှင့် အခြားအထောက်အထားများ ပေးနေကြပါတယ်။

Linko
Ref - AP