【 နိုင်ငံတကာ 】 လာမည့် X ရောဂါကပ်ဘေးတွင် လူသန်း ၅၀ အထိ သေဆုံးနိုင်

【 နိုင်ငံတကာ 】 လာမည့် X ရောဂါကပ်ဘေးတွင် လူသန်း ၅၀ အထိ သေဆုံးနိုင်

လန်ဒန်၊ စက်တင်ဘာ - ၂၅

ကိုဗစ်နိုင်တင်းသည် အနာဂတ်တွင်ဖြစ်လာမည့် ပိုမိုဖျက်အားပြင်းကပ်ရောဂါတစ်ခု၏ ရှေ့တော်ပြေးမျှသာ ဖြစ်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးကျွမ်းကျင်သူများ သတိပေးလိုက်သည်ဟု Daily Mail သတင်းစာက ဖော်ပြလိုက်ပါတယ်။

လာမည့် ကပ်ရောဂါသည် လူအနည်းဆုံး သန်း ၅၀ သေစေနိုင်ပြီး ကိုဗစ်နိုင်တင်းသည် ယခုထက်ပိုမိုထိခိုက်သေဆုံးမှုမရှိခြင်းသည် ကမ္ဘာအတွက် ကံကောင်းခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ဆေးအထူးအဖွဲ့ ဥက္ကဋ္ဌ ဒိမ်းကိတ်ဘင်ဂန်က သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည့် နောက်လာမည့် ကပ်ရောဂါကို X ရောဂါဟု အမည်ပေးထားပြီး ထိုရောဂါသည် ဖြစ်ပွားမည့် လမ်းကြောင်းတွင်ရောက်နေကြောင်း ပြောပါတယ်။

၂၀၁၉ ခုနှစ်ကဖြစ်ပွားသည့် ကိုဗစ်နိုင်တင်းသည် တစ်ကမ္ဘာလုံးတွင် လူ ၇ သန်းနီးပါး သေဆုံးစေကြောင်း WHO စာရင်းများအရ သိရပါတယ်။

X ရောဂါသည် ကိုဗစ်နိုင်တင်းထက် ၇ ဆကျော် ပိုမိုပြင်းထန်နိုင်ကြောင်း ဒိမ်း ကိတ်ဘင်ဂန် ပြောပါတယ်။လာမည့် ကပ်ရောဂါသည် လက်ရှိ ရှိပြီးသား ဗိုင်းရပ်စ်တစ်မျိုးမှာ လာမည်ဖြစ်ကြောင်းလည်း သူကပြောခဲ့ပါတယ်။

လူ သန်း ၅၀ ကျော် သေဆုံးစေသည့် ၁၉၁၈-၁၉ တုပ်တွေးကပ်ရောဂါနှင့် နှိုင်းယှဉ်ပြီး ပြောကြားရာတွင် “ဒီနေ့မှာ ကျမတို့ဟာ အခုရှိပြီးသား ဗိုင်းရပ်စ်တွေကနေ အလားတူသေဆုံးမှုဖြစ်နိုင်တယ်လို့ မျှော်လင့်ထားရမယ်။ဒီနေ့မှာ ကမ္ဘာပေါ်က အခြားသက်ရှိသတ္တဝါတွေအားလုံး မျိုးဗီဇပြောင်းလဲ ကူးပြောင်းတာထက် ဗိုင်းရပ်စ်တွေက ပိုမိုမျိုးဗီဇပြောင်းလဲ ပွားများနေတယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

“ဗိုင်းရပ်စ်တွေက လူသားအတွက် ခြိမ်းခြောက်မှုမဟုတ်ပေမယ့် အများအပြားက ခြိမ်းခြောက်မှုဖြစ်တယ်” ဟုလည်း Daily Mail သို့ သူကပြောခဲ့ပါတယ်။

သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ် မိသားစု ၂၅ စုကို စောင့်ကြည့်နေပြီး တစ်ခုစီတွင် ဗိုင်းရပ်စ်ထောင်ပေါင်းများစွာပါဝင်ကြောင်း၊ ၎င်းတို့အနက် မည်သည့်ဗိုင်းရပ်စ်မဆိုသည် ပြင်းထန်သောကပ်ရောဂါ ဖြစ်စေနိုင်ကြောင်း သူကပြောပါတယ်။ယခုစောင့်ကြည့်နေသည့် ဗိုင်းရပ်စ်စာရင်းတွင် တိရစ္ဆာန်မှ လူသို့ကူးစက်မည့် ဗိုင်းရပ်စ်များ မပါဝင်သေးပေ။

“ကိုဗစ်တုန်းက ကူးစက်ခံရသူအများစုက ပြန်လည်နာလန်ထလာကြတယ်” ဟု သူကပြောပါတယ်။

“X ရောဂါက အီဘိုလာလို ၆၇ ရာခိုင်နှုန်း သေဆုံးစေနိုင်တယ်လို့ စဉ်းစားကြည့်ပါ။ကမ္ဘာ့တစ်နေရာရာမှာ ဒီဗိုင်းရပ်စ်က မျိုးဗီဇပြောင်းလဲပွားများနေတယ်။မကြာခင် တချို့လူတွေ ဖျားကြတော့မယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ဗြိတိန်သိပ္ပံပညာရှင်များသည် X ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်မည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဝစ်ရှိုင်းယားမှ လုံခြုံရေး အဆင့်မြင့် Porton Down ဓာတ်ခွဲခန်းအဆောက်အအုံတွင်လုပ်နေသည့် ထိုသုတေသနတွင် သိပ္ပံပညာရှင် ၂၀၀ ကျော် ပါဝင်ပါတယ်။

၎င်းတို့အာရုံစိုက်သည့် ဗိုင်းရပ်စ်များမှာ လူသားများသို့ ကူးစက်လာနိုင်ဖွယ်ရှိသည့် တိရစ္ဆာန်ဗိုင်းရပ်စ်များဖြစ်ပါတယ်။လေ့လာနေသည့် ရောဂါဖြစ်စေနိုင်သော အရာများတွင် ကြက်ငှက်တုပ်ကွေး၊ မျောက်ကျောက်နှင့် ကြွက်များက ပျံ့နှံ့စေသည် ဟန်တာဗိုင်းရပ်စ်များ ပါဝင်နေပါတယ်။

ဗြိတိန်နိုင်ငံ ကျန်းမာရေးလုံခြုံရေးဌာန အကြီးအကဲ ပါမောက္ခ ဒိမ်း ဂျန်နီ ဟားရီးစ်ကလည်း ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေပြောင်းရွှေ့မှုကဲ့သို့သော အချက်အလက်များသည် အနာဂတ် ကပ်ရောဂါဖြစ်နိုင်ခြေကို ပိုမိုများစေကြောင်း ပြောခဲ့ပါတယ်။

ကြိုတင်ကာကွယ်ပြင်ဆင်မှုများ လိုအပ်ကြောင်း သူက အလေးထားပြောခဲ့ပါတယ်။

Linko
Ref - India Today