【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၁၀

ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ရှီကျင့်ဖျင်သည် သမ္မတ ပူတင်အား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်ကြောင်းကို လာဗ်ရော့ဗ်မှတစ်ဆင့် ပြောပေးရန် မှာကြားပြီး ယခုနှစ်သည် တရုတ်နှင့် ရုရှား သံမတန်ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ တရုတ်နှင့် ရုရှားတို့သည် နိုင်ငံကြီးအကြား၊ အိမ်နီးချင်းနိုင်ငံအကြား သင့်မြတ်စွာ ယှဉ်တွဲနေထိုင်သည့်၊ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သစ်လွင်သော လမ်းကြောင်းအတိုင်း လက်တွဲလျှောက်လှမ်းကြကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုရုံသာမက နိုင်ငံတကာတရားမျှတရေးအတွက်လည်း ဉာဏ်ပညာနှင့် အင်အားများကို ဆောင်ကြဉ်းပေးလာကြောင်း၊ မိမိနှင့် သမ္မတ ပူတင်တို့သည် ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းထားပြီး နှစ်ဖက်ဆက်ဆံမှု အစဉ်တစိုက် ချောမောတည်ငြိမ်စွာ ရှေ့သို့ တိုးတက်လာဖို့ အာမခံပေးရန် တညီတညွတ်တည်း သဘောတူကြကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ရုရှားပြည်သူများက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို ထောက်ခံပြီး ရုရှားက အကြမ်းဖက်မှု တိုက်ဖျက်ခြင်းနှင့် လူမှုအေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

လာဗ်ရော့ဗ်သည် သမ္မတ ပူတင် ပြောကြားသည့် သမ္မတ ရှီကျင့်ဖျင်အား ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်သခြင်းနှင့် ဆုမွန်ကောင်းတောင်းပေးခြင်း စကားကို တစ်ဆင့် ပြောပြခဲ့ပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဘက်စုံခိုင်ခံ့ တိုးမြှင့်ပေးခြင်းသည် ရုရှား၏ နိုင်ငံခြားရေးပေါ်လစီ၏ ဦးစားပေးမူဝါဒဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေနှင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများကို ထိရောက်စွာ ဖော်ဆောင်ပေးပြီး နှစ်ဦးနှစ်ဖက်နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ အခြားသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေး၍ ပိုမိုတရားမျှတသော နိုင်ငံတကာစည်းစနစ် ဖြစ်တည်ရေးကို တွန်းအားပေးရန် လက်တွဲအကျိုးပြု စွမ်းဆောင်လိုပါကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။