【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ထိုင်ဝမ်ခေါင်းဆောင်ဟောင်း မာယင်းကျူနှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ထိုင်ဝမ်ခေါင်းဆောင်ဟောင်း မာယင်းကျူနှင့် တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၁၁

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက ပေကျင်း၌ ထိုင်ဝမ်ခေါင်းဆောင်ဟောင်း မာယင်းကျူနှင့် တွေ့ဆုံခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များသည် တူညီသော သွေးသားတော်စပ်မှု၊ တူညီသော ယဉ်ကျေးမှု၊ တူညီသော သမိုင်းတို့ ပိုင်ဆိုင်ကြောင်း၊ ဒီထက်ပိုအရေးကြီးသည်မှာ မိမိတို့သည် တရုတ်အမျိုးသားအပေါ် တူညီသော တာဝန်ဝတ္တရားရှိပြီး အနာဂတ်အပေါ် တူညီသော မျှော်လင့်ချက်ရှိကြောင်း၊ မိမိတို့သည် တရုတ်အမျိုးသား၏ အကျိုးစီးပွားတစ်ခုလုံးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှနေ တစ်ခုလုံးခြုံပြီး နှစ်ဖက်ကမ်း ဆက်ဆံရေးကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း ပြောကြားပါတယ်။

ရှီကျင့်ဖျင်က ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း အားလုံးသည် တရုတ်လူမျိုးဖြစ်ပြီး မပြေလည်နိုင်သည့် သဘောကွဲလွဲမှု၊ မဆွေးနွေးနိုင်သည့် ပြဿနာမရှိသလို မိမိတို့အား ခွဲခွာနိုင်သည့် အင်အားလည်း မရှိကြောင်း၊ ရေလက်ကြားသည် နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များ၏ သွေးရင်းသားရင်း သံယောဇဉ်ကို မဖြတ်တောက်နိုင်ကြောင်း၊ စနစ်ချင်း မတူခြင်းသည် ရေလက်ကြား နှစ်ဖက်ကမ်းအားလုံး တစ်နိုင်ငံတည်း၊ တစ်လူမျိုးတည်းဖြစ်သည့် အဖြစ်မှန်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတော်တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေး သမိုင်းရေစီးကြောင်းကို တားမြစ်နိုင်မည် မဟုတ်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များသည် တစ်လျှောက်လုံး တစ်မျိုးတစ်နွယ်ထဲမှ ဆင်းသက်လာပြီး အပြန်အလှန်ကူညီ ထောက်ပံ့နေခဲ့ကြကြောင်း ပြောကြားပါတယ်။

ရှီကျင့်ဖျင်က တရုတ်အမျိုးသား၏ ဘုံရပ်ရွာကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ တရုတ်အမျိုးသား၏ ရေရှည်သုခချမ်းသာများကို ပြတ်ပြတ်သားသား လက်တွဲဖန်တီးရမည်ဖြစ်ကြောင်း၊ တရုတ်အမျိုးသား၏ ဘုံအသိစိတ်ဓာတ် ခိုင်ခံ့အောင် ပြတ်ပြတ်သားသား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မွန်မြတ်သော တရုတ်အမျိုးသား ပြန်လည်ရှင်သန်ရေးကို ပြတ်ပြတ်သားသား ဖော်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မာယင်းကျူက ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို စွဲကိုင်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ဆန့်ကျင်ခြင်းသည် နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာတိုးတက်ရေး၏ ဘုံနိုင်ငံရေးအခြေခံဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။