【 နိုင်ငံတကာ 】 ရုရှားနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ဟု ကင်ဂျုံအန် ဆို

【 နိုင်ငံတကာ 】 ရုရှားနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ဟု ကင်ဂျုံအန် ဆို

ဆိုးလ်၊ စက်တင်ဘာ - ၁၇ 
 
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားကာကွယ်ရေးဝန်ကြီးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် လက်တွေ့ကျသော ကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီး KCNA က နှစ်နိုင်ငံကြား ဆက်ဆံရေးကို  ဆန်းသစ်သောနေ့အဖြစ် ခေါ်ခဲ့ပါတယ်။  
 
ရုရှားနိုင်ငံသို့ ၎င်း၏ခရီးစဉ်အတွင်း ကင်ဂျုံအန်သည် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂိုင်းရှိုးဂူနှင့်အတူ ရုရှားနျူကလီးယားဗုံးကြဲလေယာဉ်များ၊ အသံထက်မြန်သော ဒုံးကျည်များနှင့် စစ်သင်္ဘောများကို စနေနေ့က ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ 
 
မြောက်ကိုရီးယားနှင့် ရုရှားကြား ဆက်ဆံရေး သမိုင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာချိန်  ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆန်းသစ်ထွန်းကားလာချိန်တွင် ကင်၏ ခရီးစဉ်လည်း ရောက်ရှိလာချိန်ဖြစ်ကြောင်း KCNA က မြောက်ကိုရီးယား၏ တရားဝင်အမည် DPRK ကို အသုံးပြုကာ ဖော်ပြခဲ့ပါတယ်။
 
ကင်သည် ဗုဒ္ဓဟူးနေ့က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ယူကရိန်းစစ်ပွဲနှင့် နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့ပါတယ်။
 
ကင်နှင့် ရှိုးဂူတို့သည် နှစ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့များအကြား ပူးပေါင်းစပ်ဆောင်ရွက်မှု၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးနယ်ပယ်တို့တွင် ပိုမိုအားကောင်းလာစေရန် အပြုသဘောဆောင်သော အမြင်ဖလှယ်ခဲ့ကြပြီး မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို ပိုမိုအားကောင်းလာစေရန်အတွက် ဖြစ်ပေါ်လာသည့် လက်တွေ့ကျသော ကိစ္စရပ်များအပေါ် ၎င်းတို့၏ အပြုသဘောဆောင်သော အမြင်များကို ဖလှယ်ခဲ့ကြကြောင်း KCNA သတင်းက ဖော်ပြခဲ့ပါတယ်။ 
 
ရှိုးဂူက မော်စကိုသည် မြောက်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ဆွေးနွေးနေသည်ဟု ရုရှားမီဒီယာများကို အစောပိုင်းက ပြောခဲ့ပါတယ်။ 
 
မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ပြုံယမ်းအပေါ် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်မည်ဖြစ်ပြီး ထို့အတွက် တန်ရာတန်ကြေး အသေအချာပေးရမည်ဟု  တောင်ကိုရီးယားနှင့် အမေရိကန်တို့က သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။
 
Linko
Ref - Reuters