【 နိုင်ငံတကာ 】 ရုရှားက ကိုယ့်လေယာဉ်ကိုယ် ဒုတိယအကြိမ် ပစ်ချ

【 နိုင်ငံတကာ 】 ရုရှားက ကိုယ့်လေယာဉ်ကိုယ် ဒုတိယအကြိမ် ပစ်ချ

မော်စကို၊ အောက်တိုဘာ - ၇ 
 
စစ်ဒဏ်ခံခဲ့ရသော ယူကရိန်းမှာ ကိုယ့်လေယာဉ် ကိုယ် ပြန်ပစ်ချမှုအဖြစ် ရုရှားနိုင်ငံက ၎င်း၏ကိုယ်ပိုင် Sukhoi-35 တိုက်လေယာဉ်ကို သောကြာနေ့က ပစ်ချခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။
 
ဘီလာရုစ်မီဒီယာ Nexta မှ လွှင့်တင်ထားသည့် ဗီဒီယိုတစ်ခုမှာတော့ မာရီယူပိုလ်အနီး လယ်ကွင်းထဲ မီးလောင်နေတဲ့ လေယာဉ်ပျက်ကျတဲ့ အပျက်အစီးထဲက မီးခိုးတွေ မည်းမှောင်စွာ ထွက်နေတာကို ပြသထားပါတယ်။ 
 
အဆိုပါဗီဒီယိုကလစ်ရဲ့ မှန်ကန်မှု ရှိ/မရှိကို Indiatoday သတင်းဌာနက အတည်ပြုစစ်ဆေးနိုင်ခြင်းမရှိဘူးလို့တော့ ဆိုပါတယ်။ 
 
အတည်မပြုနိုင်တဲ့ သတင်းများအရဆိုရင်တော့ ပျက်ကျတဲ့ ဆူခွိုင်း ၃၅ တိုက်လေယာဉ်ထဲကနေ လေယာဉ်မှူး လွတ်မြောက်လာခဲ့တယ်ဆိုပြီး သူ့ရဲ့ အထက်အရာရှိတွေကို ဆက်သွယ်ခဲ့တယ် ဆိုပါတယ်။
 
မာရီယူပိုးလ်မှာ တိုက်လေယာဉ်ပစ်ချခံရတာနဲ့ ပတ်သက်ပြီး ရုရှားအာဏာပိုင်တွေကတော့ မှတ်ချက်မပြုသေးပါဘူး။ဒီဖြစ်ရပ်ကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာ တစ်ပတ်အတွင်း မော်စကိုက သူ့လေယာဉ်သူ ပစ်ချတာ ဒုတိယမြောက်ဖြစ်ရပ် ဖြစ်လာမှာပါ။
 
တယ်လီဂရမ်မှာတော့ ရုရှားစစ်လော်ဘီတစ်ဦးက “ကိုယ့်ဘက်တော်သား လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် နောက်ထပ်လေယာဉ်တစ်စင်း ထပ်ဆုံးရှုံးခဲ့ရပြန်ပြီ။ဒီတစ်ကြိမ် လေယာဉ်မှူး အသက်ဘေးကလွတ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
 
စက်တင်ဘာ ၂၉ ရက်က ယူကရိန်းနိုင်ငံထဲက ဇာပိုရီဇာဟီးယားဒေသမှာရှိတဲ့ တိုခ်မာမှာရှိတဲ့ ရုရှားလေကြောင်းကာကွယ်ရေးစနစ် S-300 က  ဆူခွိုင်း ၃၅ တိုက်လေယာဉ်ကို ပစ်ချလို့ လေယာဉ်မှူးပါ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ 
 
Su-35 သည် အခြားရန်သူလေယာဉ်များနှင့် လေကြောင်းစီးချင်းထိုးပွဲများတွင် ပါဝင်တိုက်ခိုက်နိုင်ပြီး မြေပြင်နှင့် ပင်လယ်ပြင်ရှိ ပစ်မှတ်များကို ဖျက်ဆီးနိုင်စွမ်းရှိသော အခန်းကဏ္ဍပေါင်းစုံနှင့် သာလွန်ကောင်းမွန်သော တိုက်လေယာဉ်ဖြစ်တယ်ဆိုပါတယ်။ 
 
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဆန်းစစ်ချက်အရ ရုရှားသည် ယမန်နှစ် ဖေဖော်ဝါရီက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း လေယာဉ်အစင်း ၉၀ ခန့် ဆုံးရှုံးခဲ့တယ် ဆိုပါတယ်။
 
Linko
Ref - Indiatoday