【 နိုင်ငံတကာ 】 ရာဖာတိုက်ပွဲအစီအစဉ်ကို နေတန်ယာဟု အတည်ပြု

【 နိုင်ငံတကာ 】 ရာဖာတိုက်ပွဲအစီအစဉ်ကို နေတန်ယာဟု အတည်ပြု

ဂျေရုဆလင်၊ ဧပြီ - ၁

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသ၏ လူဦးရေထက်ဝက်ကျော် ခိုလှုံနေရသည့် နေရာဖြစ်ပြီး နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ဆွဲဆောင်နိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် ဂါဇာကမ်းမြောင်တောင်ပိုင်း၊ ရာဖာအတွက် စစ်ရေးအရ စစ်ဆင်ရေးအစီအစဉ်ကို အတည်ပြုလိုက်ပြီဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် နေတန်ယာဟုက အစ္စရေးစစ်တပ်သည် အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ပြင်ဆင်နေကြောင်း ပြောခဲ့ပါတယ်။

သို့သော် ရာဖာတွင် ထိုးစစ်ဆင်ရန် အစ္စရေး၏ အစီအစဉ်နှင့်ပတ်သက်၍ ယခင်ကြေငြာချက်များကဲ့သို့ပင် ပါလက်စတိုင်းဒေသခံများ မည်သည့်နေရာသို့ ဘေးကင်းစွာ သွားနိုင်ဖွယ်ရှိမည်ကို အသေးစိတ် မဖော်ပြထားပေ။

ဟားမတ်စ် အကြမ်းဖက်အဖွဲ့ကို ချေမှုန်းရန် ရည်ရွယ်သည့် အစ္စရေး၏ ထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသ အများအပြားမှာ အပျက်အစီးများသာ ကျန်ရစ်တော့ပါတယ်။ရာဖာမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းအများစုဟာ ဘေးကင်းရေးအတွက် ဂါဇာကမ်းမြောင်ဒေသက တခြားနေရာတွေကို ခရီးထွက်ခဲ့ကြရပါတယ်။

အစ္စရေး၏ ထိပ်တန်းမဟာမိတ် အမေရိကန်အပါအဝင် အခြားနိုင်ငံတကာအစိုးရနှင့် ကုလသမဂ္ဂတို့က အစီအစဉ်အတိုင်း အစ္စရေး ရှေ့ဆက်ဆောင်ရွက်ပါက ရာဖာတွင် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက အစ္စရေးအတွက် ၎င်း၏ရည်မှန်းချက်များ အောင်မြင်ရန် အခြားနည်းလမ်းမရှိကြောင်း တနင်္ဂနွေနေ့တွင် ထပ်လောင်းပြောကြားခဲ့ပါတယ်။ “ဒါက အချိန်ယူရပေမယ့် ပြီးသွားမှာပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့ ရိုးရှင်းသော အကြောင်းပြချက်တစ်ခုဖြင့် ရာဖာသို့ ဝင်ရောက်မည်ဖြစ်ပြီး ထိုနေရာရှိ ဟားမတ်စ်တပ်များကို ချေမှုန်းပစ်ပါမည်။ရာဖာသို့ မဝင်ရောက်ဘဲ အောင်ပွဲမရှိသလို ထိုနေရာတွင် ဟားမတ်စ်တပ်ရင်းများကို မဖယ်ရှားဘဲနဲ့လည်း အောင်ပွဲလည်းမရှိဘူး။ဒါက စစ်ပွဲရဲ့ ရည်မှန်းချက်အခြေခံ အစိတ်အပိုင်းဖြစ်ပြီး၊ ငါတို့ရဲ့ ဓားစာခံတွေအားလုံးကို ပြန်ရယူရေးလည်း ပါဝင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေခင်းတွင် အူကျွံခြင်းကို အောင်မြင်စွာခွဲစိတ်မှု မခံယူမီ ဝန်ကြီးချုပ်က စကားပြောဆိုခဲ့ပါတယ်။

ဂါဇာရှိ Al-Aqsa ဆေးရုံကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်သဖြင့် လူလေးဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟွန်း ဂေဘရီဆက်စ်က တနင်္ဂနွေနေ့တွင် တွစ်တာမှာ ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - VOA