【 နိုင်ငံတကာ 】 ယူကရိန်းကို အသုံးချပြီး အမေရိကန်က ရုရှားနှင့် တိုက်ရိုက်စစ်ဖြစ်နေဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

【 နိုင်ငံတကာ 】 ယူကရိန်းကို အသုံးချပြီး အမေရိကန်က ရုရှားနှင့် တိုက်ရိုက်စစ်ဖြစ်နေဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

နယူးယောက်၊ စက်တင်ဘာ - ၂၅

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပမဟာမိတ်များသည် မော်စကိုနှင့် တိုက်ရိုက်စစ်ဖြစ်နေပြီး ယူကရိန်းကို ထိုပဋိပက္ခတွင် အသုံးချနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့က စနေနေ့တွင်ပြောပြီး အမေရိကန်-ရုရှား လက်ဝေခံစစ်ပွဲသည် တိုက်ရိုက်ထိပ်တိုက်တွေ့ခြင်းကို ဦးတည်နေပြီဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားပြီးနောက် သတင်းထောက်များသို့ ပြောကြားရာတွင် လက်ဗရော့က ယူကရိန်းကို ရုရှားကျူးကျော်မှုစစ်ပွဲတွင် အနောက်နိုင်ငံများက ယူကရိန်းသို့ပေးနေသည့် ရုပ်ပိုင်းဆိုင်ရာအကူအညီများကို ရည်ရွယ်ပြောကြားခဲ့ပါတယ်။ထိုသို့လုပ်ခြင်းသည် ရုရှားကို ကျူးကျော်ရန်စခြင်းဖြစ်သည်ဟု သူကပြောပါတယ်။

“ဒီအခြေအနေကို ခင်များတို့ခေါ်ချင်သလိုခေါ် ဒါပေမဲ့ သူတို့က ကျနော်တို့နဲ့ တိုက်ရိုက်စစ်ဖြစ်နေတယ်။ဒါကို ကျနော်တို့က ကပြားစစ်လို့ခေါ်နိုင်တယ်။ဒါပေမဲ့ ပကတိအခြေအနေကို မပြောင်းလဲနိုင်ဘူး” ဟု လက်ဗရော့ကပြောကြောင်း အင်္ဂလိပ်ဘာသာ မီဒီယာသတင်းများက ဖော်ပြခဲ့ပါတယ်။

“သူတို့က ကျနော်တို့နဲ့ စစ်ဖြစ်နေပြီး ယူကရိန်းကို အသုံးချနေတယ်” ဟု သူကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တို့က ထိုသို့သရုပ်ဖော်ခြင်းကို အပြင်းအထန် အငြင်းပွားကြပါတယ်။

ဘိုင်ဒင်အစိုးရက အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ တပ်များစေလွှတ်မည်မဟုတ်သလို ရုရှားနှင့် တိုက်ရိုက်စစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။သို့သော် ဘိုင်ဒင်က လွန်ခဲ့သောအပတ်တွင် ကုလသမဂ္ဂသို့ပြောကြားသည့် မိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုသည် ရုရှားက အိမ်နီးချင်း ယူကရိန်းကို ဗြောင်ကျသော ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။

“ယူကရိန်း အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကို ကျနော်တို့ခွင့်ပြုရင် ဘယ်နိုင်ငံရဲ့လွတ်လပ်ရေးက လုံခြုံမှာလဲ” ဟု ဘိုင်ဒင်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် ပြောခဲ့ပါတယ်။

“ခွင့်မပြုနိုင်ဘူးလို့ ကျနော်ဖြေရမယ်။နောက်တစ်နေ့မှာ ကျူးကျော်သူအသစ်တွေကို တားဆီးဖို့ ဒီနေ့ကျူးကျော်မှုကို ဆန့်ကျင်ရမယ်” ဟု သူကပြောခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခြင်းမရှိပေ။လက်ဗရော့သည် ထိုအစည်းအဝေးတွင် မိန့်ခွန်းပြောသည့် အဆင့်အမြင့်ဆုံး ရုရှားအရာရှိဖြစ်ပါတယ်။

သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကဲ့သို့ အခြားအရာရှိများကလည်း ထိုသို့သော စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့ဖူးပါတယ်။မက်ဗီဒက်က ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အရှုံးခံမည့်အစား နျူကလီးယားလက်နက်သုံးမည်ဟု ပြောခဲ့ဖူးပါတယ်။

လက်ဗရော့သည် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ယူကရိန်းသီးနှံများကို ပင်လယ်နက်ဆိပ်ကမ်းများမှ တင်ပို့ရေး သဘောတူစာချုပ်တွင် ပြန်လည်ပါဝင်မည့် အလားအလာကိုလည်း ပယ်ချခဲ့ပါတယ်။

Linko
Ref - Washington Times