【 နိုင်ငံတကာ 】 မော်စကို ဂီတပွဲတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွက် လူ ၄ ဦးကို ရုရှား စွဲချက်တင်

【 နိုင်ငံတကာ 】  မော်စကို ဂီတပွဲတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွက် လူ ၄ ဦးကို ရုရှား စွဲချက်တင်

မော်စကို၊ မတ် - ၂၆

လူ ၁၃၀ ကျော် သေဆုံးစေသည့် မော်စကိုမှ ဂီတပွဲကို တိုက်ခိုက်မှုအတွက် လူ ၄ ဦးကို ရုရှား တရားရုံးတစ်ခုတွင် စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မော်စကို တရားရုံးသို့ ခေါ်ထုတ်လာသည့် လူ ၄ ဦးသည် တရားဝင် စွဲချက်တင်ခံရသည့်အခါ အပြင်းအထန် ရိုက်နှက်ထားခံရပုံရပါတယ်။တစ်ဦးမှာ ကြားနာနေသည့်အချိန်တွင် သတိရရုံအခြေအနေသာရှိပါတယ်။

ထိုသံသယရှိသူများအနက် ၂ ဦးက ကနဦးကြားနာမှုတွင် စွဲချက်တင်ခံရပြီးနောက် ထိုတိုက်ခိုက်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံသည်ဟု တရားရုံး ကြေညာချက်တွင် ဖော်ပြထားပါတယ်။သို့သော် ထိုလူများသည် ဆန္ဒအလျောက် လွတ်လပ်စွာပြောခွင့်ရ၊ မရ မေးခွန်းထုတ်စရာရှိနေပါတယ်။

ထို ၄ ဦးအနက် ၃ ဦးက အပြစ်ရှိကြောင်း ဝန်ခံသည်ဆိုသည့် ရုရှားမီဒီယာများ၏ အငြင်းပွားစရာ သတင်းများလည်း ရှိနေပါတယ်။

လူအနည်းဆုံး ၁၃၇ ဦး သေဆုံးရသည့် ခရိုကပ်စ်မြို့တော်ခန်းမ ဂီတပွဲကို သောကြာနေ့က တိုက်ခိုက်မှုအတွက် ရုရှားတွင် အမျိုးသားဝမ်းနည်းကြေကွဲမှုပြုလုပ်နေစဉ် အထက်ပါအမှုကို ကြားနာခြင်းဖြစ်ပါတယ်။

မော်စကိုမှ ဘက်စ်မန်နီ ခရိုင်တရားရုံးက အသက် ၃၂ နှစ်အရွယ် ဒယ်လပ်ဇွန် မာဇိုယက်၊ အသက် ၃၀ အရွယ် ဆိုင်ဒါခရာမီ ရာချာဘယ်လီဇိုဒါ၊ အသက် ၂၅ နှစ်အရွယ် ရှမ်ဆီဒင် ဖာရီဒူနီနှင့် အသက် ၁၉ နှစ် အရွယ် မူခန်မက် ဆိုဘာဖိုင်ဇော့တို့သည် အခြားသူများ သေဆုံးစေသည့် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်သည်ဟု တရားဝင် စွဲဆိုခံထားရပါတယ်။

ထိုအမှုသည် အများဆုံး တစ်သက်တစ်ကျွန်းအထိ ကျနိုင်သော အမှုဖြစ်ပါတယ်။

တာဂျစ်ကစ္စတန်နိုင်ငံသားများဖြစ်သော ထိုသူများကို မေလ ၂၂ ရက်နေ့အထိ အမှုစောင့်ဆိုင်းစဉ် ချုပ်နှောင်ထားရန် တရားရုံးက အမိန့်ချခဲ့ပါတယ်။

ထိုသူများအားလုံးကို လုံခြုံရေးတပ်များက စစ်မေးစဉ် ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်းနှင့် ၃ ဦးမှာ မျက်နှာများ ရောင်ကိုင်းနေကြောင်း ဖော်ပြခဲ့ပါတယ်။တစ်ဦးမှာ နားရွက်ကို အကြီးအကျယ် ပတ်တီးပတ်ထားရပါတယ်။တစ်ဦးသည် စစ်မေးခံရစဉ် နားရွက်ပြတ်သွားသည်ဟု ရုရှားမီဒီယာက ဖော်ပြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စိုးချစ်
သတင်းရင်းမြစ် - France 24