【 နိုင်ငံတကာ 】 ဗုံးများနှင့် ဒရုန်းတစ်စင်း ပင်လယ်နက်အပန်းဖြေစခန်းသို့ ကျလာသဖြင့် ဘူလ်ဂေးရီးယားစစ်တပ် ဖျက်ဆီး

【 နိုင်ငံတကာ 】 ဗုံးများနှင့် ဒရုန်းတစ်စင်း ပင်လယ်နက်အပန်းဖြေစခန်းသို့ ကျလာသဖြင့် ဘူလ်ဂေးရီးယားစစ်တပ် ဖျက်ဆီး

ဆိုဖီယာ၊ စက်တင်ဘာ - ၁၉

ပင်လယ်နက်အပန်းဖြေဒေသတစ်ခုဖြစ်သည့် Tyulenovo သို့ တနင်္ဂနွေနေ့ ညနေပိုင်းက ဆင်းသက်ခဲ့သော ဒရုန်းတစ်စီးနှင့် ချိတ်ဆက်ထားသော ပေါက်ကွဲစေသည့် ပစ္စည်းများကို ဘူလ်ဂေးရီးယားစစ်တပ်မှ ဗုံးရှင်းလင်းရေးအဖွဲ့က  တနင်္လာနေ့တွင် ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

အဆိုပါနေရာကို ဘူလ်ဂေးရီးယားစစ်တပ်က စစ်ဆေးခဲ့ပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့်အတူ ဒရုန်းမှာ အခြားနေရာသို့သွားတာ မဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘူလ်ဂေးရီးယား ကာကွယ်ရေးဝန်ကြီး တူဒါတာဂါရက်ဗ်က  ယခုဖြစ်ရပ်ပေါ် “ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ပွဲနဲ့ ဆက်နွယ်နေတယ်လို့ ကျွန်တော်တို့ သေချာပေါက် ယူဆနိုင်ပါတယ်” ဟု သတင်းထောက်များကို ပြောခဲ့ပါတယ်။

“ဒီစစ်ပွဲနဲ့ မလွဲမသွေဆက်စပ်နေလို့ ကျွန်တော်တို့ရဲ့လုံခြုံရေးအတွက် အန္တရာယ်တွေ တိုးလာနေတယ်”    ဟုလည်း သူက ဆက်ပြောပါတယ်။

တာဂါရက်ဗ်က ဒရုန်းသည် မည်သည့်နေရာမှလာပြီး နေတိုးအဖွဲ့ဝင် ဘူလ်ဂေးရီးယားသို့ မည်ကဲ့သို့ရောက်ရှိခဲ့သည် စသည့် အသေးစိတ်အချက်အလက်များကို မပြောခဲ့ပေ။

Tyulenovo ၏ ခရီးသွားအပန်းဖြေစခန်းသည် ခရိုင်းမီးယားမှ ပင်လယ်နက်ကိုဖြတ်ပြီး ရိုမေးနီးယားနယ်စပ်၏တောင်ဘက် ၇၀ ကီလိုမီတာ (၄၃ မိုင်) အကွာတွင် တည်ရှိပါတယ်။အဆိုပါကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် ရုရှားက သိမ်းပိုက်ခဲ့ပြီး ယခုအခါ ယူကရိန်းဘက်မှ ဒရုန်းတိုက်ခိုက်မှုများ၏ ပုံမှန်ပစ်မှတ်ဖြစ်လာနေပါတယ်။

ရဲတပ်ဖွဲ့သည် တနင်္ဂနွေညနေပိုင်းတွင် အဆိုပါဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားပြီး ဒေသတွင်းစားသောက်ဆိုင်များဆီသို့ အများပြည်သူဝင်ရောက်ခွင့်ကိုပါ ကန့်သတ်ခဲ့ကြောင်း Tyulenovo ၏ အစိတ်အပိုင်းဖြစ်သည့် ရှာဘာလာမြူနီစီပယ်မြို့တော်ဝန် မာရီယမ်ဇီချက်ဗ်က  Nova TV သို့ ပြောကြားခဲ့ပါတယ်။

ဒရုန်းအား Tyulenovo တွင် ရပ်နားထားသော သင်္ဘောများဘေးရှိ ကျောက်ဆောင်များတွင် တွေ့ရှိခဲ့ရပြီး ၎င်းတွင် “စံချိန်မီ ခဲယမ်းမီးကျောက်များပါသော လေယာဉ်” အဖြစ် ဖော်ပြထားပါတယ်။

ဒရုန်းသည် ဝေဟင်မှ ပြုတ်ကျခြင်း (သို့မဟုတ်) ပင်လယ်ရေစီးကြောင်းကြောင့် မျောပါလာခြင်း ဟုတ်၊ မဟုတ် မရှင်းလင်းပေ။ Nova.bg ဝက်ဘ်ဆိုက်တွင် မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ ဒရုန်းသည် အရှည် ၃ မီတာမှ ၃.၅ မီတာကြားရှိကြောင်း ဖော်ပြထားပါတယ်။

လွန်ခဲ့သည့် သီတင်းပတ်က ယူကရိန်းနိုင်ငံ ဒင်နျူဘီ (Danube) ဆိပ်ကမ်းများကို ရုရှားက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီးနောက် ရိုမေးနီးယားတွင် သံသယဖြစ်ဖွယ် ဒရုန်းတစ်စင်း၏ အပိုင်းအစများကို တွေ့ရှိခဲ့ပါတယ်။

Linko
Ref - Reuters