【 နိုင်ငံတကာ 】 ထိုင်ဝမ်အား စစ်ရေးအကူအညီကို ဘိုင်ဒင်က အတည်ပြု

【 နိုင်ငံတကာ 】 ထိုင်ဝမ်အား စစ်ရေးအကူအညီကို ဘိုင်ဒင်က အတည်ပြု

နယူးယောက်၊ သြဂုတ် - ၃၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် အချုပ်အခြာအာဏာပိုင် နိုင်ငံများအတွက် ပုံမှန်အသုံးပြုသည့် နိုင်ငံခြားစစ်ငွေကြေးထောက်ပံ့မှု (သို့မဟုတ်) FMF အစီအစဉ်အရ ထိုင်ဝမ်သို့ စစ်ရေးလွှဲပြောင်းမှုကို အတည်ပြုခဲ့ကြောင်း ကွန်ဂရက်သို့ ပေးပို့သည့် အကြောင်းကြားစာအရ သိရပါတယ်။

ရိုက်တာမှ ဗုဒ္ဓဟူးနေ့တွင် မြင်တွေ့ရသည့် အဆိုပါအကြောင်းကြားစာတွင် ထိုင်ဝမ်အား FMF ရန်ပုံငွေမှ  အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ထောက်ပံ့ရန် အစိုးရဌာန၏ ရည်ရွယ်ချက်ကို လွှတ်တော်ကော်မတီများအား အသိပေးထားပါတယ်။

“FMF သည် ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ပူးတွဲနှင့် ပေါင်းစပ်ကာကွယ်ရေး စွမ်းရည်များအားဖြင့် အားကောင်းစေရန်နှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ အသိအမြင်နှင့် ရေကြောင်းလုံခြုံရေးစွမ်းရည်ကို မြှင့်တင်ပေးရန် အသုံးပြုသွားမည်” ဟု အကြောင်းကြားစာတွင် ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကျေးဇူးတင်စကား ပြောကြားခဲ့သော်လည်း အကူအညီအသေးစိတ်နှင့်ပတ်သက်၍ မှတ်ချက်မပေးဘဲ အမေရိကန်ပြည်ထောင်စုသည် တည်ဆဲမူဝါဒများနှင့် ဥပဒေများအောက်တွင် ကျွန်း၏တိုက်ခိုက်ရေးစွမ်းရည်ကို အားကောင်းအောင် ကူညီပေးနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်နှင့်ပတ်သက်သည့် အကြောင်းအရာကို Associated Press မှ ဦးစွာဖော်ပြခဲ့ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန်ကိုယ်စားလှယ် မီချယ်မက် ကူးလ်က ထိုင်ဝမ်အား အုပ်ချုပ်ရေးယန္တရားသည် FMF ဖြင့် နောက်ဆုံးတွင် ပံ့ပိုးပေးသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါတယ်။

FMF သည် အစိုးရဌာနမှ စီမံခန့်ခွဲသော အကြီးဆုံး စစ်ရေးဆိုင်ရာအကူအညီစာရင်းဖြစ်ပြီး အဓိကအားဖြင့် Foreign Military Sales Program အောက်တွင် နိုင်ငံခြား အစိုးရများအား အမေရိကန်ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန်နှင့် စစ်ရေးလေ့ကျင့်မှုများအတွက် ပံ့ပိုးပေးတာဖြစ်ပါတယ်။

ကွန်ဂရက်သို့ အကြောင်းကြားစာအား အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးက အတည်ပြုခဲ့ပြီး ထိုင်ဝမ်အား FMF အကူအညီဖြင့် ပေးအပ်ရန် ဆုံးဖြတ်ချက်ကြောင့် အမေရိကန်မူဝါဒတွင် ပြောင်းလဲမှုတစ်စုံတရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းကို စစ်ရေးအကူအညီနဲ့ ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို အကြိမ်ကြိမ်ကန့်ကွက်ထားပါတယ်။၎င်း၏ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်စစ်တပ်အနေဖြင့် ထိုင်ဝမ်ကျွန်းနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်မှုအားလုံးကို ရပ်တန့်ရမည်ဟု ပြောကြားထားပါတယ်။

ထိုင်ဝမ်၏ အရေးအပါဆုံး လက်နက်ရောင်းချသူဖြစ်သည့် အမေရိကန်သည် ပြီးခဲ့သည့်လက ထိုင်ဝမ်မှ ဒေါ်လာ ၃၄၅ သန်းအထိ တန်ဖိုးရှိ လက်နက်အကူအညီပေးရေးအစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း အမေရိကန်သည် F-16 တိုက်လေယာဉ်များအပြင် အခြားသော စက်ပစ္စည်းကိရိယာများအတွက် အနီအောက်ရောင်ခြည်ရှာဖွေမှုနှင့် ခြေရာခံစနစ်များကို ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၅၀၀ ဖိုး ရောင်းချရန် ခွင့်ပြုခဲ့ပါတယ်။

Linko
Ref - Reuters