【 နိုင်ငံတကာ 】 တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မိုက်ခရိုးနီးယားပြည်ထောင်စု သမ္မတ Wesley W. Simina နှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် မိုက်ခရိုးနီးယားပြည်ထောင်စု သမ္မတ Wesley W. Simina နှင့် တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၁၀

ဧပြီလ ၉ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသည့် မိုက်ခရိုးနီးယားပြည်ထောင်စု (The Federated States of Micronesia) သမ္မတ Wesley W. Simina နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က ယခုနှစ်သည် တရုတ်-မိုက်ခရိုးနီးယား သံတမန်အဆက်အသွယ်ထားရှိသည့် ၃၅ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တန်းတူညီမျှစွာ ဆက်ဆံခြင်း၊ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်အကျိုးရှိစေခြင်းတို့ကို အစဉ်တစိုက်စွဲကိုင်ထားပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုစွမ်းဆောင်ကြလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိုက်ခရိုးနီးယားမှ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ချီတက်ခြင်း၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးပြီး ပြည်သူများ၏ နေထိုင်မှုဘဝ ကောင်းမွန်တိုးတက်စေခြင်းတို့ကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိုက်ခရိုးနီးယားပြည်ထောင်စုနှင့်အတူ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိသည့် ၃၅နှစ်မြောက်ကို အစသစ်အဖြစ်ထားပြီး အဆင့်ဆင့်ဆက်သွယ်ရေးနှင့် ဆွေးနွေးမှုများကို ထိန်းသိမ်းကာ နယ်ပယ်အသီးသီးတွင် အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်၍ တရုတ်-မိုက်ခရိုးနီးယား ဆက်ဆံရေး အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်စေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့်အကြား ကြာရှည်သော ဆက်ဆံမှုသမိုင်းရှိပြီး ပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရေးရှိကာ တူညီသော ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ခံမှုများအား တတ်နိုင်သမျှ ဆက်လက်ပေးဆောင်ရန်၊ သုံးပွင့်ဆိုင် (သို့မဟုတ်) ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

Wesley W. Simina က မိုက်ခရိုးနီးယား-တရုတ် သံတမန်အဆက်အသွယ်ထားရှိပြီးနောက် နှစ်နိုင်ငံတို့သည် တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တန်းတူညီမျှစွာဆက်ဆံခြင်း၊ တစ်ဦး၏ ပြည်တွင်းရေးကို တစ်ဦးက ဝင်ရောက်စွက်ဖက်မှု မပြုခြင်း စသည့် အခြေခံမူများကို အစဉ်တစိုက်စွဲကိုင်ထားပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကြောင်း၊ မိုက်ခရိုးနီးယားပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံမှ ကာလကြာရှည်စွာ မိုက်ခရိုးနီးယားပြည်ထောင်စုအပါအဝင် ပစိဖိတ်ကျွန်းနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် တန်ဖိုးရှိသည့် အကူအညီများ ပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ “Belt and Road” မူဘောင်အောက်တွင် လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေးနှင့် ဒီဂျစ်တယ် စီးပွားရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေပြီး ရာသီဥတုပြောင်းလဲမှုကို အတူတကွရင်ဆိုင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိကြောင်း၊ မိုက်ခရိုးနီးယားပြည်ထောင်စုအနေဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများအား တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆက်လက်တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးနောက် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ ရှေ့မှောက်တွင် နှစ်နိုင်ငံမှ “Belt and Road” အတူတကွတည်ဆောက်ရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မိုက်ခရိုးနီးယားပြည်ထောင်စု ပူးတွဲကြေညာစာတမ်းကိုလည်း ထုတ်ပြန်မည်ဖြစ်တယ်လို့ China Media Group သတင်းအရ သိရပါတယ်။