【 နိုင်ငံတကာ 】 တန်ပြန်ထိုးစစ် ဆင်နွှဲနေစဉ် အေဘရာဟမ်တင့်ကားတွေ လာမည့်အပတ် ယူကရိန်းရောက်မည်ဟု ဘိုင်ဒင် ဆို

【 နိုင်ငံတကာ 】 တန်ပြန်ထိုးစစ် ဆင်နွှဲနေစဉ် အေဘရာဟမ်တင့်ကားတွေ လာမည့်အပတ် ယူကရိန်းရောက်မည်ဟု ဘိုင်ဒင် ဆို

ဝါရှင်တန်၊ စက်တင်ဘာ - ၂၂

ကြာသပတေးနေ့မှာ အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဗိုလိုဒိုမာ ဇီလင်စကီးနဲ့ တွေ့ဆုံစဉ် အမေရိကန်၏ ထိပ်တန်း M1 အေဘရာဟမ် ပင်မတိုက်ပွဲဝင်တင့်ကားတွေ လာမည့်သီတင်းပတ်မှာ ယူကရိန်းကို စတင်ရောက်ရှိတော့မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားအား သိမ်းပိုက်ထားသော နယ်မြေများမှ တွန်းထုတ်ရန် ရည်ရွယ်သည့် တန်ပြန်ထိုးစစ်ကို ဆက်လက်ဖိအားပေးနေချိန်တွင် ကာလကြာရှည်စွာ မျှော်မှန်းထားသော အမေရိကန်လုပ် တိုက်ပွဲဝင်တင့်ကားများ စစ်မြေပြင်သို့ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။

ယူကရိန်း၏ ထိုအားထုတ်မှုကို ကူညီပေးရန်အတွက် ဘိုင်ဒင်သည် HAWK ဒုတိယမျိုးဆက် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊တင့်ကားဖျက်လက်နက်များ၊ အမြောက်ကျည်များနှင့် HIMARS တာဝေးပစ်ဒုံးကျည်စနစ်များအတွက် အပိုဆောင်းခဲယမ်းများအပါအဝင် ဒေါ်လာ ၃၂၅ သန်း စစ်ဘက်ဆိုင်ရာအကူအညီ အစီအစဉ်သစ်ကို ကြေညာခဲ့ပါတယ်။

သို့သော်လည်း ယခုအကူအညီတွင် ယူကရိန်းက ဆင်နွှဲနေရသည့် စစ်ပွဲတွင် ၎င်းကို ပိုအားကောင်း‌စေမည်ဟု လူသိရှင်ကြားပြောကြားခဲ့သည့် ATACMS ဟု လူသိများသော မြေပြင်မှ မြေပြင်ပစ် တာဝေးပစ် ဒုံးကျည်စနစ်များ မပါဝင်ပေ။

ဘိုင်ဒင်က ယခုအကူအညီသည် ယူကရိန်း၏ ကာကွယ်ရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးအနာဂတ်အတွက် အမေရိကန်၏ ရေရှည်ကတိကဝတ်ကို ညွှန်ပြနေကြောင်း ပြောခဲ့ပါတယ်။

“ယူကရိန်းပြည်သူတွေကို အခုချိန်မှာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ ကတိပြုထားသလိုပဲ၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ့် ပြုပြင်ပြောင်းလဲမှုတွေ ပံ့ပိုးပေးရေး၊ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတဲ့အပြင် အမေရိကန်နဲ့ ဥရောပက စီးပွားရေးတွေ ရင်းနှီးမြုပ်နှံလိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပါအဝင် အနာဂတ်မှာ ပြန်လည်ထူထောင်နိုင်ဖို့ ကူညီပေးဖို့လည်း ကတိကဝတ်ပြုထားပါတယ်” ဘိုင်ဒင်က ပြောခဲ့ပါတယ်။  

“ယူကရိန်းရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်နဲ့ လွတ်လပ်မှုကို ဆန့်ကျင်တဲ့ အနာဂတ်ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်စွမ်းရှိတဲ့ ယူကရိန်းရဲ့ ရေရှည်လုံခြုံရေးကို အာမခံနိုင်တဲ့ တပ်ဖွဲ့တစ်ခုကို တည်ဆောက်ရာမှာ ကူညီဖို့ တခြားမိတ်ဖက် ၂၉ နိုင်ငံက ကတိပြုထားပါတယ်။ဘာကြောင့်လဲဆိုတော့ ဒါကအားလုံးနဲ့ဆိုင်တယ်။အနာဂတ်။လွတ်မြောက်မှုရဲ့ အနာဂတ်ပါ” ဟု ၎င်းကဆက်လက်ပြောခဲ့ပါတယ်။

ဇီလင်စကီးက ဘိုင်ဒင်နှင့် အမေရိကန်ပြည်သူများအား ၎င်းတို့၏ အခိုင်အမာထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းပြောခဲ့ပြီး နောက်ဆုံးပေါ် စစ်ဘက်အကူအညီသည် “ကျွန်ုပ်တို့၏ စစ်သည်များအတွက် သေချာပေါက်လိုအပ်မှု” ဟု ပြောခဲ့ပါတယ်။

၎င်းက “ဆွေးနွေးပွဲများတွင် အလွန်အကျိုးဖြစ်ထွန်းပြီး ခိုင်မာသော စေ့စပ်ညှိနှိုင်းမှုများလည်းပါဝင်ကြောင်း၊ လူနေအိမ်များနှင့် အဆောက်အဦများ နွေးထွေးရန် လိုအပ်သော လျှပ်စစ်ဓာတ်အားအပါအဝင် အရေးကြီးသော ယူကရိန်းအခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ ရုရှားပြန်လည်စတင်မည်ဟု ခန့်မှန်းထားပြီး ဆောင်းရာသီမတိုင်မီ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်က သဘောတူညီခဲ့ကြောင်း” ပြောကြားခဲ့ပါတယ်။

Linko
Ref - Anadolu Agency