【 နိုင်ငံတကာ 】 တန်ပြန်ထိုးစစ် ဆင်နွှဲနေချိန် ယူကရိန်းသို့ ဘိုင်ဒင်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့မည်ဟု ကြေညာ

【 နိုင်ငံတကာ 】 တန်ပြန်ထိုးစစ် ဆင်နွှဲနေချိန် ယူကရိန်းသို့ ဘိုင်ဒင်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့မည်ဟု ကြေညာ

ဝါရှင်တန်၊ သြဂုတ် - ၃၀

အရှေ့ဥရောပနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသော ရုရှားတပ်ဖွဲ့များကို တန်ပြန်ထိုးစစ်ဆင်နေချိန်တွင် ဘိုင်ဒင်အစိုးရက ယူကရိန်းအတွက် ရည်ရွယ်သည့် စစ်လက်နက်အကူအညီ နောက်ထပ် ဒေါ်လာ သန်း ၂၅၀ အကူအညီပေးရေးအစီအစဉ်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဒဏ်သင့်နေသည့် နိုင်ငံသို့ ပေးပို့မည့် ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးအတွက် AIM-9M ဒုံးကျည်များ၊ ၁၅၅ မီလီမီတာနှင့် ၁၀၅ မီလီမီတာ အမြောက်ကျည်များ၊ HIMARS အတွက် ခဲယမ်းများ၊ လက်နက်ငယ်ကျည် သုံးသန်းကျော်နှင့် လူနာတင်ယာဉ်များ ပါဝင်ကြောင်း အစိုးရဌာနမှ သိရပါတယ်။

“ရုရှားသည် ဤစစ်ပွဲကို စတင်ခဲ့ပြီး ယူကရိန်းမှ ၎င်း၏တပ်များကို ရုပ်သိမ်းကာ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းဖြင့် စစ်ပွဲကို အချိန်မရွေးအဆုံးသတ်နိုင်သည်” ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

“ဒီလိုမလုပ်ချင်း အမေရိကန်နဲ့ မဟာမိတ် မိတ်ဖက်တွေဟာ ယူကရိန်းနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်သွားမှာပါ” ဟု ဆိုပါတယ်။

ယူကရိန်းအတွက် အမေရိကန်အကူအညီများသည် ယေဘုယျအားဖြင့် အမေရိကန်သမ္မတခွင့်ပြုမိန့် အာဏာမှတစ်ဆင့် ရှိပြီးသား သိုလှောင်ရုံများမှ ရရှိခြင်း (သို့မဟုတ်) ကာကွယ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည့် ယူကရိန်းလုံခြုံရေးအကူအညီထောက်ပံ့မှု (USAI) မှတစ်ဆင့် ထုတ်လုပ်ခြင်းမှ ရရှိပါတယ်။

အင်္ဂါနေ့က ကြေညာခဲ့သော ဒေါ်လာ သန်း ၂၅၀ အစီအစဉ်သည် ရှိပြီးသား သိုလှောင်ရုံများမှ လာမည်ဖြစ်သောကြောင့် ၎င်းသည် အခြားနည်းလမ်းထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်ပါတယ်။

Linko
Ref - NewYork Post