【 နိုင်ငံတကာ 】 ဂါဘွန်မှာ ရွေးကောက်ပွဲရလဒ် ကြေညာပြီး စစ်တပ်က အာဏာတက်သိမ်း

【 နိုင်ငံတကာ 】 ဂါဘွန်မှာ ရွေးကောက်ပွဲရလဒ် ကြေညာပြီး စစ်တပ်က အာဏာတက်သိမ်း

လီပရာဗီယို၊ သြဂုတ် - ၃၀

တတိယအကြိမ်မြောက် သမ္မတအဖြစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အလီဘွန်ဂို အနိုင်ရရှိခဲ့ကြောင်း နိုင်ငံရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီး မကြာခင် နာရီပိုင်းတွင် ဂါဘွန်စစ်တပ်မှ အကြီးတန်းအရာရှိကြီးတစ်ဖွဲ့က နိုင်ငံပိုင်ရုပ်မြင်သံကြားတွင်ပေါ်လာပြီး ၎င်းတို့အာဏာရယူခဲ့ကြောင်း ဗုဒ္ဓဟူးနေ့အစောပိုင်းက ကြေညာလိုက်ပါတယ်။

နိုင်ငံပိုင်ရုပ်မြင်သံကြားချန်နယ်ဖြစ်သည့် Gabon 24 တွင် ထွက်ပေါ်လာသော အာဏာသိမ်းစစ်တပ်တာဝန်ရှိသူများက ၎င်းတို့သည် ဗဟိုအာဖရိကနိုင်ငံရှိ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို ကိုယ်စားပြုကြောင်း ပြောခဲ့ပါတယ်။

၎င်းတို့က လက်ရှိရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း၊ နောက်ထပ်ကြေညာချက်မထွက်မချင်း၊ အစိုးရအဖွဲ့အစည်းများရပ်ဆိုင်းကာ နယ်စပ်ကိုပိတ်ကြောင်း ပြောခဲ့ပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် မြို့တော် လီပရာဗီယိုတွင် ကျယ်လောင်သော သေနတ်ပစ်သံများကို ကြားနေရကြောင်း ရိုက်တာသတင်းထောက်တစ်ဦးက ထိုနေရာမှ ရုပ်သံတွင်ပေါ်လာကာ ပြောခဲ့ပါတယ်။

ယခုဖြစ်ရပ်အပေါ် အိုပက်အဖွဲ့ဝင်နိုင်ငံများက မှတ်ချက်မပေးသေးချေ။

အာဏာသိမ်းစစ်တပ်တာဝန်ရှိသူများက “ဂါဘွန်ပြည်သူတွေရဲ့ နာမည်နဲ့ လက်ရှိအစိုးရကို အဆုံးသတ်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးကိုကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ” လို့ ပြောခဲ့ပါတယ်။

ယခုအာဏာသိမ်းမှုသာ အောင်မြင်ခဲ့ပါက အနောက်နှင့် ဗဟိုအာဖရိကတွင် ၂၀၂၀ ခုနှစ်မှစကာ ၈ ကြိမ်မြောက် အာဏာသိမ်းမှုဖြစ်လာမှာဖြစ်ပါတယ်။

မကြာသေးမီက မာလီ၊ ဂီနီ၊ ဘာကီနာဖာဆို၊ ချဒ်နှင့် နိုင်ဂျာတို့တွင် အာဏာသိမ်းမှုများ ဆက်တိုက်ဖြစ်ခဲ့ရာ ဒေသတွင်း ဒီမိုကရေစီတိုးတက်မှုကို ထိခိုက်စေခဲ့ပါတယ်။

ရေနံနှင့် ကိုကိုး ကြွယ်ဝသော်လည်း အတိုက်အခံများက ဆင်းရဲမွဲတေမှု အပြောင်းအလဲအတွက် တွန်းအားပေးနေချိန်တွင် အလီဘွန်ဂိုက ၎င်းမိသားစု၏ ၅၆ နှစ်ကြာ အာဏာကိုထပ်တိုးရန် ကြိုးပမ်းနေသဖြင့် ဂါဘွန်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။

အသက် ၆၄ နှစ်ရှိ မစ္စတာအလီဘွန်ဂိုသည် ၎င်း၏ဖခင် အိုမာကို ဆက်ခံကာ ၂၀၀၉ ခုနှစ်တွင် သမ္မတဖြစ်လာပြီး ရွေးကောက်ပွဲတွင် စိန်ခေါ်သူ ၁၈ ဦးနဲ့ ယှဉ်ပြိုင်ခဲ့ကာ ၎င်းတို့အနက် ခြောက်ဦးသည် ပြိုင်ပွဲကို ကျဉ်းမြောင်းစေရန် ပူးတွဲဆန်ခါတင်တစ်ဦးအဖြစ် ယခင်ဝန်ကြီးဟောင်းနှင့် တက္ကသိုလ်ပါမောက္ခ အလ်ဘတ်အွန် ဟိုအိုဆာကို ထောက်ခံခဲ့ပါတယ်။

မစ္စတာဘွန်ဂို၏ အဖွဲ့သည် ရွေးကောက်ပွဲလိမ်လည်မှု စွပ်စွဲချက်များကို ပယ်ချခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် မစ္စတာဘွန်ဂို၏ ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံခြင်းကို ဆန့်ကျင်သော လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများက ပါလီမန်အဆောက်အအုံကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ထိုအချိန်က အစိုးရသည် ရက်ပေါင်းများစွာ အင်တာနက်အသုံးပြုခွင့်ကို ပိတ်ထားခဲ့ပါတယ်။

Linko
Ref - Telegraph