【 နိုင်ငံတကာ 】 ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်က အဓိကအကျိုးဆောင်မည်ဟု ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များပြော

【 နိုင်ငံတကာ 】 ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်က အဓိကအကျိုးဆောင်မည်ဟု ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များပြော

ပေကျင်း၊ မတ် - ၂၆

အရည်အသွေးမြင့် တိုးတက်မှုကို အကောင်အထည်ဖော်ရန် တရုတ်၏ ဆုံးဖြတ်ချက်ကို ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များ ချီးကျူးကြပြီး တရုတ်၏ စီးပွားရေးအလားအလာကို ယုံကြည်ကြောင်း ဖော်ပြကာ တရုတ်သည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အဓိကအကျိုးဆောင်သည့် နိုင်ငံဆက်လက်ဖြစ်နေမည်ဟု ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပေကျင်းတွင် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၄ တွင် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပါတယ်။ထိုဖိုရမ်အတွင်း နိုင်ငံတကာပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် အဓိကပြဿနာများကို ဆွေးနွေးကြပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျီရော်ဂျီဘာက တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးကို တိုးတက်မှုနှုန်း မြင့်မားသည့်အဆင့်မှ အရည်အသွေးမြင့် တိုးတက်မှုသို့ အသွင်ကူးပြောင်းနေကြောင်း အရည်အသွေးမြင့် တိုးတက်မှုသည် ပြုပြင်ပြောင်းလဲရေးအပေါ် မူတည်ကြောင်း ပြောပါတယ်။

သူက ၂၀၂၄ ခုနှစ်နှင့် နောက်တစ်နှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းကျော်မည်ဟု ခန့်မှန်းပြီး ကမ္ဘာသည် ကုန်ထုတ်လုပ်မှု နိမ့်ကျခြင်း၊ အကြွေးအဆင့်မြင့်မားခြင်းနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကို ရင်ဆိုင်နေရသောကြောင့် နိုင်ငံအားလုံးအနေဖြင့် လုပ်ငန်းရှင်များ၊ တီထွင်ဆန်းသစ်မှုများနှင့် စီးပွားရေး စွမ်းဆောင်မှု မြှင့်တင်ရန်အတွက် စနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများလုပ်ရန် သူတောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲက တရုတ်နိုင်ငံအနေဖြင့် ကျယ်ပြန့်သော ဈေးကွက်လိုလားသည့် ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရန် တောင်းဆိုပြီး ခိုင်မာသော မက်ခရိုစီးပွားရေးအခြေခံများနှင့် စတင်သော ပြုပြင်ပြောင်းလဲမှုဖြင့် တရုတ်သည် အလျင်အမြန် စီးပွားတိုးတက်နိုင်ကြောင်းပြောပြီး တရုတ်စီးပွားရေးသို့ နောက်ထပ် ဒေါ်လာ ၃.၅ ထရီလီယံ တိုးလာနိုင်ကြောင်း ပြောခဲ့ပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အဂျေး ဘန်ဂါကလည်း ကမ္ဘာ့စိန်ခေါ်မှုများအကြောင်း ပြောကြားပြီး ထိုစိန်ခေါ်မှုများသည် ကမ္ဘာ့မညီမျှမှုကို ပိုမိုပြင်းထန်စေကြောင်း ပြောပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့် ၁၀ စု နှစ်တွင် လူငယ် ၁.၁ ဘီလီယံ လုပ်သားဈေးကွက် ဝင်ရောက်လာမည်ဟု မျှော်လင့်ရသော်လည်း အလုပ်အကိုင်ဖန်တီးနိုင်မှုသည် ၃၂၅ သန်းသာရှိသည့် ကွာဟမှုကို ရင်ဆိုင်နေရကြောင်း သူကပြောပါတယ်။

သို့သော် ထိုကိစ္စသည် ခန့်မှန်းချက်သာဖြစ်ပြီး အမှန်တကယ်ဖြစ်လာမည့် ကံကြမ္မာ မဟုတ်သေးကြောင်း သူသတိပေးပြီး လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုအတွင်း တရုတ်နိုင်ငံ၏ မှတ်သားစရာကောင်းသော ခရီးစဉ်သည် ဖြစ်နိုင်သည့် အလားအလာကောင်းများ၏ အထောက်အထားဖြစ်ကြောင်း သူကပြောပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲကဲ့သို့ပင် ဘန်ဂါကလည်း ပြုပြင်ပြောင်းလဲရေး အရေးပါကြောင်း ပြောပါတယ်။တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ၁၉၇၈ ခုနှစ်က တံခါးဖွင့်ခြင်းသည် ကျေးလက်နေပြည်သူ သန်း ၇၇၀ ကို ဆင်းရဲတွင်းမှ ကယ်ထုတ်လိုက်ကြောင်းပြောပြီး ပြုပြင်ပြောင်းလဲရေးကြောင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ပြောင်းသွားစေကာ ဆယ်စုနှစ် ၃ ခုအတွင်း နှစ်စဉ် အလုပ်အကိုင် ၈ သန်း ဖန်တီးပြီး ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုနှုန်းကို ၄၄ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ သိသိသာသာ လျှော့ချလိုက်ကြောင်း သူကပြောပါတယ်။

တစ်ချိန်က ကမ္ဘာ့ဘဏ်မှ အဓိကချေးယူသည့် နိုင်ငံဖြစ်သော တရုတ်သည် ယခုအခါ ကမ္ဘာ့ဘဏ်ကို အကြီးမားဆုံး အလှူရှင်နိုင်ငံများအနက် တစ်ခုဖြစ်လာကြောင်း သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG