【 နိုင်ငံတကာ 】ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မနတ် “Leaders Talk” ၏ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေကြား

【 နိုင်ငံတကာ 】ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မနတ်   “Leaders Talk” ၏ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေ ကြား

တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွမ်မနတ် နဲ့  “Leaders Talk” သီးသန့်အင်တာဗျူးကို ဖော်ပြမှာဖြစ်ပါတယ်။ သူဟာ ဩဂုတ်လမှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ခဲ့ပြီး စက်တင်ဘာလမှာ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။ တစ်လအကြာမှာ သူဟာ တရုတ်နိုင်ငံကို တတိယအကြိမ်မြောက် “Belt and Road” ဖိုရမ်ကို တက်ရောက်ရန် ထပ်မံရောက်ရှိလာခဲ့စဉ် ယခုလို အင်တာဗျူးမေးမြန်းခဲ့တာဖြစ်ပါတယ်။
 
ဟွမ်မနတ် - ကမ္ဘောဒီးယားနိုင်ငံက ဖိုရမ်ကို သုံးကြိမ်ဆက်တိုက် တက်ရောက်ခြင်းဖြင့် “Belt and Road” အတူတည်ဆောက်ရေးစီမံချက်နဲ့ ဖိုရမ်ကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံအားပေးကြောင်း ထင်ဟပ်နေပါတယ်။ “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်ကို ကျွန်တော် ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်ပါတယ်။ ဦးစွာအနေနဲ့ ဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် သမ္မတ ရှီကျင့်ဖျင် နဲ့ တရုတ်နိုင်ငံ အစိုးရကို ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်တို့က ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနဲ့ “Belt and Road” အတူတည်ဆောက်ရေးစီမံချက်ကို ချိတ်ဆက်ပြီး ဒီထဲမှ များစွာအကျိုးရရှိပါတယ်။
ဟွမ်မနတ် - ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး၊ ဒါမှမဟုတ် မူဝါဒချိတ်ဆက်ရေး ဦးတည်ချက်ကို စကားလုံးနှစ်လုံးနဲ့ ဖော်ပြနိုင်ပါတယ်။ အဲဒါကတော့ “အဆက်မပြတ်မှု”နဲ့ “တညီတညွတ်တည်းဖြစ်မှု” ပါပဲ။ ကမ္ဘောဒီးယားအစိုးရသစ်အတွက် ကျွန်တော်တို့ရဲ့ရည်မှန်းချက်က နှစ်ဦးနှစ်ဖက်အကြား ၆၅နှစ်ကြာ တည်တံ့ခဲ့တဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက်ခိုင်မြဲစေရန်နဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့မြှင့်တင်ရန် ဖြစ်ပါတယ်။
 
သီးသန့်အင်တာဗျူးမှာ ဝန်ကြီးချုပ် ဟွမ်မနတ် က “Belt and Road” အတူတည်ဆောက်ရေးစီမံချက်အပေါ် အခိုင်အမာ ထောက်ခံအားပေးကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ အနာဂတ်မှာ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး အစိမ်းရောင် စက်မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး စတဲ့ ထွန်းသစ်စနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်၊ နှစ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားသစ်များ ဖြည့်သွင်းပေးရန် မျှော်လင့်နေကြောင်း ပြောခဲ့ပါတယ်။