【 နိုင်ငံတကာဆောင်းပါး 】ခရီးသွားများရဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့မြို့ကြီးများ (အပိုင်း-၁)

【 နိုင်ငံတကာဆောင်းပါး 】ခရီးသွားများရဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့မြို့ကြီးများ (အပိုင်း-၁)

ကမ္ဘာလှည့်ခရီးသွားတွေအတွက် မတူညီတဲ့ခရီးသွားအတွေ့အကြုံတွေကို ခံစားနိုင်ဖို့ဆိုရင် ကမ္ဘာ့ခရီးသွားနေရာတွေထဲ တရုတ်နိုင်ငံက ရေပန်းစားတဲ့နေရာတွေအများအပြားရှိနေပါတယ်။ အထူးသဖြင့် ခေတ်စားလာတဲ့ TikTok ရုပ်သံအတိုတွေမှာ တရုတ်နိုင်ငံက အံ့ဩဖွယ်ရာခရီးသွားနေရာတွေကို မကြာခဏ တွေ့ မြင်ရမှာဖြစ်ပြီး လူတွေကိုအံ့ဩမင်သက်စေခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေအတွက် အံ့ဖွယ်ရှုခင်းတွေ ၊ သမိုင်းအမွေ အနှစ် နေရာတွေ ၊ အရောင်အသွေးစုံ မတူကွဲပြားတဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေ ၊ ခေတ်မီမြို့ပြပုံရဲ့ ဖမ်းစားမှုပုံရိပ်တွေ၊ ခေတ်သစ်နဲ့ခေတ်ဟောင်း ယှဉ်တွဲတည်ရှိမှုတွေဟာ တရုတ်နိုင်ငံကိုခရီး သွားတွေက စိတ်ဝင်စားစေတဲ့အချက်တွေ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ခရီးသွားတွေအတွက်ရွေးချယ်စရာ အားသာချက်ထဲမှာ ရာသီဥတုကလည်း နိုင်ငံအတွင်းနေရာပေါ်မူတည်ပြီး အပူပိုင်း၊အအေးပိုင်းနဲ့ တင့်သင့်မျှတတဲ့ဒေသ၊ ပြည်နယ်တွေ စုံလင်အောင် ရှိနေပါတယ်။ ဒါကြောင့် အခုဆောင်းပါးကဏ္ဍမှာတော့ တရုတ်နိုင်ငံက ခရီးသွားလေ့လာသူများတဲ့ ပြည်နယ်နဲ့မြို့ ကြီး တွေ အကြောင်းကို အပိုင်းအလိုက်ဖေါ် ပြပေးသွားမှာဖြစ်ပါတယ်။
ပေကျင်း (Beijing)
-----------
ပေကျင်း (Beijing) မြို့ဟာ ရှန်ဟိုင်း (Shanghai) မြို့ပြီးရင် လူဦးရေဒုတိယအများဆုံးဖြစ်တဲ့ မြို့ တော်ဖြစ်ပါတယ်။ စီးပွားရေး ၊ နိုင်ငံရေး နဲ့ ယဉ်ကျေးမှု အချက်အချာကျပြီး တစ်နှစ်ပတ်လုံး ကမ္ဘာအရပ်ရပ်က လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့လည်း စည်ကားလျက်ရှိတဲ့ မြို့တော်ဖြစ်ပါတယ်။ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၃,၀၀၀) ကျော်ကဆိုရင် ပေကျင်းမြို့ဟာအမည်များစွာ ရှိခဲ့ပါတယ်။ အခုအသုံးပြုတဲ့ မြို့အမည်ကိုတော့ မင်မင်းဆက် (Ming dynasty) လက်ထက် ၁၄၀၃ ခုနှစ် မှာ စတင်အသုံးပြုခဲ့တယ်လို့ဖေါ်ပြ ကြပါတယ်။
ပေကျင်းဟာ ဒေသအလိုက်ကွဲပြားတဲ့ရာသီဥတုအစုံရှိတာကြောင့် ခရီးသွားဝါသနာပါသူတွေဟာ ပေကျင်း မြို့ကိုလည်ပတ်ဖို့ ကိုယ်ပိုင်စိတ်ကူးပုံစံမျိုးစုံရှိနိုင်ပါတယ်။လေ့လာကြည့်မယ်ဆိုရင် မြို့တော် ပေကျင်းမြို့ အလယ်မှာ တားမြစ်ထားသောမြို့တော်လို့သိကြတဲ့ (The Forbidden City) နန်းတော်ပြတိုက်လို နေရာကစလို့ အိမ်မက်ဆန်ဆန်နေရာတွေရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ တရုတ်ဧကရာဇ် တွေဖြစ်တဲ့ မင်မင်းဆက် (Ming dynasty) ခေတ်ကနေ မန်ချူးခေတ်အထိ အသုံးပြုခဲ့ကြ တဲ့သမိုင်းဝင် ရှေး ဟောင်းနေရာလည်း ဖြစ်ပါ တယ်။
ဒါ့အပြင် ပေကျင်းမှာဆိုရင်ကမ္ဘာ့အကြီးဆုံးမြို့တော်ရင်ပြင် (၁၀) ခု အနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ထျန်းအန်းမင် (Tiananmen) ရင်ပြင်၊ ဆက်လက်ပြီး တရုတ်မင်းဆက်အဆက်ဆက်တို့ပြုပြင်တည်ဆောက်ခဲ့ကြတဲ့ ကမ္ဘာကျော် အံ့ဖွယ်မဟာရံတံတိုင်းကြီး၊ ကောင်းကင်ဘုံကျောင်းတော်တို့အပြင်၊ ယူနက်စကိုစာရင်းဝင်ရှေးဟောင်းဧကရာဇ်သင်္ချိုင်းနေရာတွေနဲ့ပေကျင်းအမျိုးသားရေကူးစင်တာ (National Aquatics Centre) တို့လိုမျိုး များပြားလှတဲ့ စူးစမ်းလေ့လာဖွယ် နေရာများစွာရှိနေတဲ့ မြို့တော်ဖြစ်ပါတယ်။
ရှန်ဟိုင်း (Shanghai)
-----------------
ရှန်ဟိုင်းကတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ သန်း (၂၀) အထက်ရှိတဲ့ ကမ္ဘာ့မြို့ကြီး တစ်မြို့ လည်း ဖြစ်ပါတယ်။ ယွမ်မင်းဆက် (Yuan dynasty) ခေတ်၊ (၁၂၇၁-၁၃၆၈) အတွင်း ၁၂၉၁ ခုမှာ ပထမဆုံးမြို့ဖြစ်လာခဲ့တယ်လို့ဖေါ်ပြကြပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ ငွေကြေး၊ ကုန် သွယ်ရေးတို့ရဲ့အ ချက်အခြာမြို့ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာဆိုရင် ကမ္ဘာပေါ်က အကြီးမားဆုံးကုန်တင်ကုန်ချ ဆိပ်ကမ်းမြို့အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ရှန်ဟိုင်း မြို့ဟာ အရမ်းခေတ်မီတဲ့နိုင်ငံတကာမြို့ကြီး တစ်မြို့ လည်းဖြစ်ပေမယ့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက တစ်ချိန်တည်းမှာပဲ တရုတ်ရိုးရာအငွေ့အသက်တွေကို မပျောက်မပျက်ထိန်းသိမ်းထားရှိတဲ့ မြို့လည်းဖြစ်နေပါတယ်။
ဒါကြောင့် ခေတ်သစ်နဲ့ရိုးရာအကြားရောနှောဖြစ်တည်မှုနဲ့ တစ်မူထူးခြားပြီးကမ္ဘာတစ်ဝန်းက ခရီး သွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ ရှန်ဟိုင်းရဲ့ရာသီဥမှာ နွေရာသီဟာ လည်ပတ်ဖို့ အကောင်းဆုံးဖြစ်ပြီး ရှန်ဟိုင်းပြတိုက်ဟာဆိုရင် သမိုင်းဝင်ခေတ်ကာလ အဆက်ဆက်က အဖိုးတန်စုဆောင်းမှုတွေနဲ့အတူ နာမည်ကြီးပါတယ်။ အခြားတစ်ဖက်မှာ ရှုခင်းအလှတွေနဲ့ သဘာ၀ကို ခံစားဖို့ဆိုရင်တော့ (Qibao) ရှေးဟောင်း ရေ ပေါ်ကျေးရွာ (Qibao Ancient Water Village) ကနာမည်ကြီးပြီး အဲဒီမှာဆိုရင် အေးချမ်းသာယာလှပတဲ့ ရှုခင်းအလှတွေကို ခံစားရမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြင်သစ်ခေတ်က တည်ဆောက်ထားတဲ့လမ်းဖြစ်တဲ့ (Xintiandi Street) ၊ နာမည်ကြီး ကျောက်စိမ်းဗုဒ္ဓဘုရားကျောင်း (Jade Buddha Temple) ၊ ရှန်ဟိုင်းဈေးလမ်းဟောင်းတစ်ခုဖြစ်တဲ့ (Shanghai Old Street) မှာရှိတဲ့ (Chenghuangmiao) ဘုရားကျောင်း ၊ ဒီဇိုင်းပုံစံဆန်းဆန်း တည်ဆောက်ထားတဲ့ အဆောက်အအုံ အလှတရားတွေရှိရာ (The Bund) ၊ လက်ဆောင်ပစ္စည်းတွေဝယ်ယူဖို့နာမည်ကြီး နေရာတွေဖြစ်တဲ့ (Nanjing Road Walking Street) လိုနေရာတွေ၊ ဒါ့အပြင် ကမ္ဘာ့အမြင့်ဆုံးနံပါတ် (၆) အဆင့်ရှိတဲ့ ရုပ်သံတာဝါဖြစ်တဲ့ (Oriental Pearl Tower 2nd Bal)l မှာရှိတဲ့ မှန်တံတားလိုနေရာတွေနဲ့အတူ ခေတ်မီဆန်းပြားပြီး ရိုးရာကျတဲ့ နေရာတွေကိုပိုင်ဆိုင်ထားတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။
ချုံကင်း (Chongqing)
----------------
ယန်ဇီမြစ်နဲ့ ဂျလင်း (Jialing) မြစ်ဆုံမှာ တည်ရှိတဲ့ ချုံကင်း (Chongqing) မြို့ကတော့ ထူးခြားတဲ့ ပထဝီဝင်ဖွဲ့ စည်းပုံနဲ့ ဗိသုကာပုံစံကြောင့် နာမည်ကြီးတဲ့မြို့ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ၎င်းကို “တောင်ပေါ်တည်ထားသော မြို့” အဖြစ်သိကြပြီး အဲ့ဒီမှာ ကားစီးရတာက ရိုလာကိုစတာလို စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ပြောဆိုတတ်ကြပါတယ်။ နောက်တစ်ချက်ကတော့ စိုစွတ်တဲ့ရာသီဥတုနဲ့ မြူမှိုင်းတဲ့ ရာသီဥတုကို မကြာခဏမြင်တွေ့ ရလေ့ရှိတာကြောင့် ‘’ နှင်းမြို့” လို့လည်း လူတွေကခေါ်ကြပါတယ်။
ဒါပေမယ့် ချုံကင်း (Chongqing) မြို့ဟာ နွေရာသီမှာတော့ အလွန်ပူပြန်လို့ လူတွေက "မီးဖို" လို့ လည်း နာမည်ပြောင်ပေးထားကြပါတယ်။ ဒါပေမယ့် သဘာဝရှုခင်းတွေနဲ့လူလုပ်ရှုခင်းတွေအတူ ပေါင်းစပ် တည်ရှိနေလို့ ခရီးသွားအရင်းအမြစ်တွေ ပေါများတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ “တောင်ပေါ်မြို့” ဆိုတဲ့ နာမည် နဲ့တူ မြင့်မားတဲ့ တောင်တန်းတွေ၊ တောင်ကုန်းတွေတည်ရှိပြီး မြစ်ကြီးတွေရဲ့ ပေါင်းစပ်မှုကြောင့် မြို့ရဲ့ အလှက ပြီးပြည်စုံတာကို တွေ့ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း ၃ဝဝဝ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ သဘာဝ ရှုခင်းတွေတင်မဟုတ်ဘဲ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေနဲ့ ကျော်ကြားမှုတွေ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီအထဲ သမိုင်းကြောင်းကြွယ်ဝမှုတွေနဲ့ လူတွေကိုဆွဲဆောင်နေတဲ့ (Ciqikou) မြို့ဟောင်း၊ ဒါ့အပြင် မြစ်ရှုခင်းတွေ နဲ့အတူ ဘုရားကျောင်း၊ ယဉ်ကျေးမှုနဲ့ ကြောက်မက်ဖွယ်ရုပ်တုတွေရှိရာ (Fengdu) တစ္ဆေမြို့ (Fengdu ghost city) ၊ မျိုးချစ်စိတ်ဓာတ်တွေနိုးကြားစေပြီး ရှေးဟောင်းစုစောင်းမှုတွေရှိတဲ့ ချုံကင်းပြတိုက်၊ နှစ်ပေါင်း ၂၃၀၀ ကျော် ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ (Langzhong) ရှေးဟောင်းမြို့ နဲ့ သုံးဖက်မြင် (3D) ရှုခင်းတွေ ရှိတဲ့ Hongyadong ယဉ်ကျေးမှုနယ်မြေ လို ခရီးသွားစိတ်ဝင်စားဖွယ်နေရာတွေနဲ့ ပြည့်နှက်လျက်ရှိတဲ့ မြို့တစ်မြို့ လည်း ဖြစ်ပါတော့တယ်။
အခုဖေါ်ပြပေးခဲ့တာတွေကတော့ ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့မြို့ကြီးများ အကြောင်း (အပိုင်း-၁) အနေနဲ့ ဖေါ်ပြပေးခဲ့တာဖြစ်ပါတယ်။ လာမယ့်ဆောင်းပါးကဏ္ဍမှာလည်း ကျန်ရှိတဲ့ ပြည်နယ်နဲ့ မြို့ ကြီးတွေရဲ့ ခရီးသွားစိတ်ဝင်စားဖွယ် အကြောင်းတွေကို ဖေါ်ပြပေးသွားဖို့ရှိပါကြောင်း တင်ပြရင်း အခုအပိုင်းကိုတော့ ဒီမှာပဲရပ်နားလိုက်ပါရစေ…။
မိုးသား