【 ပြည်တွင်း 】လွယ်ဂျယ်နယ်စပ်ဂိတ်မှ နေ့စဉ်ကုန်ကားအစီး‌ရေ ၇၀၀ ခန့်ဖြင့် ကုန်သွယ်မှုပြုလုပ်နေ

【 ပြည်တွင်း 】လွယ်ဂျယ်နယ်စပ်ဂိတ်မှ နေ့စဉ်ကုန်ကားအစီး‌ရေ ၇၀၀ ခန့်ဖြင့် ကုန်သွယ်မှုပြုလုပ်နေ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နေ့စဉ်ကုန်ကား အစီး‌ရေ ၇၀၀ ခန့်ဖြင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းမှထွက်ရှိတဲ့ ကုန်စည်များကို လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိရာ ယခုနှစ် ဧပြီလအတွင်းက တစ်ရက်ကိုယာဉ်အစီးရေ ၄၀၀ ကျော်မျှသာ ကုန်သွယ်မှုရှိခဲ့ပြီး မေလမှ ဇူလိုင်လပထမပတ်အထိကို တစ်ရက်လျှင်ကုန်တင်ကားအစီးရေ ၅၀၀ကျော်ရှိလာကာ ဇူလိုင်လဒုတိယပတ်မှစတင်၍ တစ်ရက်ကို ကုန်တင်ကားအစီးရေ ၇၀၀ ကျော်အထိ တိုးမြှင့်ပို့ဆောင်နေတာလို့ ဆိုပါတယ်။

ထိုကဲ့သို့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဝင်ထွက်တဲ့ ကုန်ကားအစီးရေတိုးလာနေသော်လည်း လွယ်ဂျယ်စခန်းရဲ့ ကုန်သွယ်မှုပမာဏကတော့ ယခင်နှစ်အလားတူကာလထက် လျော့နည်းနေဆဲဖြစ်ပါတယ်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၂ ဧပြီလ ၁ ရက်မှ ဇူလိုင် ၂၁ရက်အထိ ကုန်သွယ်မှုတန်ဖိုးမှာ ကန် ဒေါ်လာ သန်း၆၀နီးပါးရှိခဲ့သော်လည်း ယခုနှစ်အလားတူ ကာလမှာတော့ ကုန်သွယ်မှုတန်းဖိုးဟာ ကန်ဒေါ်လာ ၂၅ သန်းကျော်သာရှိခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယခုနောက်ပိုင်း လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အဖြစ် တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ ပြောင်း၊ Lead Carbonate ၊ ဆန်ကွဲနဲ့ ရာသီပေါ်သီးနှံတွေကို အဓိကတင်ပို့နေရပြီး သွင်းကုန်အနေဖြင့် ဓာတ်မြေဩဇာ၊ ထွန်စက်၊ စက္ကူလိပ်၊ ပိတ်လိပ်၊ ပီနံအိတ်၊ ချည်၊ ရိတ်သိမ်းခြွေလှေ့စက်များကို တင်သွင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ 

အောင်အောင်

ရန်ကုန် ၊ ဩဂုတ် ၁၀