【 နိုင်ငံတကာဆောင်းပါး 】 “ပင်လယ်နဲ့ ကောင်းကင်ကြားက ဗုဒ္ဓဘာသာနယ်မြေ”

【 နိုင်ငံတကာဆောင်းပါး 】 “ပင်လယ်နဲ့ ကောင်းကင်ကြားက ဗုဒ္ဓဘာသာနယ်မြေ”

ကမ္ဘာပေါ်က လူသိများတဲ့ နေရာတွေထဲ “တရုတ်ပြည်ရဲ့ ပထမဆုံး ဗုဒ္ဓဘာသာနယ်မြေ” ၊ “ပင်လယ်နဲ့ ကောင်းကင်ကြားက ဗုဒ္ဓဘာသာနယ်မြေ” စတဲ့ ဖော်ပြမှုတွေနဲ့ ထင်ရှားတဲ့ နေရာတစ်ခုရှိပါတယ်။အဲတာကတော့ ပူတူအိုတောင် Putuo ဖြစ်ပြီး Zhejiang ပြည်နယ်အတွင်း Zhoushan ကျွန်းစုရဲ့ ကျွန်းတစ်ကျွန်းမှာ တည်ရှိနေတာဖြစ်ပါတယ်။

ဒီတောင်နဲ့ပတ်သက်ပြီး ဆိုရရင် ပူတူအိုတောင် Putuo တောင်ဟာ အဝလောကိတေသွာရ (Avalokitesvara) တည်ရှိရာ နေရာဖြစ်ပြီး ၎င်းနဲ့အတူ ဝူတိုင်တောင် (Wutai) ၊ ဂျုဟာတောင် (Jiuhua) နဲ့ အမ်းမေတောင် (Emei) တို့ဆိုတာ တရုတ်ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်ထားရာ တောင်လေးခုလည်းဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီနေရာက စိတ်ဝင်စားဖွယ် သမိုင်းနောက်ခံနဲ့ လှပတဲ့ ရှုခင်းတွေကြောင့် ထင်ရှားတဲ့နေရာလို့ ဆိုကြပါတယ်။လက်ရှိမှာ အမျိုးသားရှုခင်းသာနယ်မြေအဖြစ် (A) 5 အဆင့် အသိအမှတ်ပြုထားတဲ့ နေရာလည်းဖြစ်ပါတယ်။

           သမိုင်းနောက်ခံဖော်ပြမှု

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀  မှာဆိုရင် ပူတူအိုတောင်ဟာ တာအိုအယူဝါဒနဲ့ အဂ္ဂိရတ်သမားတွေ နေထိုင်ရာ ဖြစ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဟာ တရုတ်ပြည်သို့ ရောက်ရှိလာခဲ့ပြီး ပူတူအိုတောင်မှာ ဗုဒ္ဓဘာသာက တာအိုဘာသာကို အစားထိုးခဲ့တယ်လို့ သိရပါတယ်။ ၈၆၃ ခုနှစ်မှာတော့ ဂျပန်ဘုန်းကြီးတစ်ပါးဟာ ဝူတိုင် Wutai တောင်မှ ဂွမ်ရင်ကြေးရုပ်တုကို ဂျပန်နိုင်ငံသို့ ပင့်ဆောင်ဖို့ ကြိုးပမ်းခဲ့ရာမှာ သူ့ရဲ့သင်္ဘောဟာ ပူတူအိုတောင်အနီး Lotus သန္တာကျောက်တန်းမှ ဖြတ်သွားသောအခါ၊ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မုန်တိုင်းနဲ့ လှိုင်းလုံးတွေကြောင့် အဟန့်အတားဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ထိုဘုန်းကြီးဟာ အိပ်မက်တစ်ခုမက်ခဲ့ပြီး ကွမ်ရင်ရုပ်တုဟာ ဒေသကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ သဘောပေါက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဘုန်းတော်ကြီးဟာ Tidal Sound Cave ဂူအနီးမှာ ရိုးရိုးတဲတစ်လုံးဆောက်ပြီး ကွမ်ရင်ရုပ်တုကို ထားရှိဖို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ဒီအကြောင်းအရာက ပူတူအိုတောင်ပေါ်မှာ ဘုရားကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ စတင်တည်ထောင်ခြင်းဆိုင်ရာ ရိုးရာပုံပြင်များစွာရဲ့ အရင်းခံအကြောင်းအရာလည်း ဖြစ်လာပါတယ်။

           မင်းဆက်များနဲ့ ဘုရားဖူးသမိုင်း

“အရိုးဓာတ်တော်စကြာ်မုနိဗုဒ္ဓ Sakyamuni Buddha” ကို Jin မင်းဆက်ခေတ်မှာ တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ထိုအချိန်မှအစပြုကာ Jin မင်းဆက်နဲ့ Tang မင်းဆက်တို့ ခေတ်မှာ တရုတ်နိုင်ငံရဲ့ အခြားနေရာတွေက ဘုရားဖူးများစွာဟာ ပူတူအိုတောင်ကို လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။အဲဒီအပြင် Song ၊ Yuan ၊ Ming နှင့် Qing အပါအဝင် မင်းဆက်အသီးသီးမှ ဧကရာဇ်များစွာကလည်း လှူဒါန်းပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ နောက်ပိုင်းမှာတော့ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပညာတတ်တွေနဲ့ ဗုဒ္ဓဘာသာ ပညာရှင်များစွာဟာ ပူတူအိုတောင်သို့ သွားရောက်ခဲ့ကြပြီး ပန်းချီ၊ လက်ရေးလှလက်ရာ၊ ကျောက်စာတွေနဲ့ ကဗျာတွေကို ချန်လှပ်ထားခဲ့ကြပြီး  တရုတ်ဗုဒ္ဓဘာသာရဲ့ အလွန်အရေးကြီးတဲ့ ရတနာများအဖြစ် ရှိလာနေပါတယ်။

           အာရှတွင် အကြီးဆုံး ဂွမ်ယင်ရုပ်တု

အခုဆိုရင်ဒီတောင်မှာ ၁၉၉၇ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ယဉ်ကျေးမှုရှုခင်းအသစ်အဖြစ်  အာရှရဲ့ အကြီးဆုံး နန်ဟိုင်း ဂွမ်ယင်ရုပ်တုကြီးလည်း တည်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ရုပ်တုဟာ ၁၈ မီတာမြင့်ပြီး ၂ မီတာမြင့်တဲ့ ကြာပန်း၊ ၁၃ မီတာမြင့်တဲ့ အုတ်မြစ်နဲ့အတူ အုတ်မြစ်အတွက် တည်ဆောက်မှု နှစ်ထပ်ရှိပါတယ်။ဒီရုပ်တုဟာဆိုရင် ပူတူအိုတောင် Putuo ကို ပိုပြီးထင်ရှားစေတဲ့ ရုပ်တုတစ်ခုလည်း ဖြစ်နေပါတယ်။

           ဘုရားကျောင်းများ

ပူတူအိုတောင်ရဲ့ ယဉ်ကျေးမှု ဆွဲဆောင်မှုတွေထဲမှာ ကြီးကျယ်ခမ်းနားတဲ့ ဘုရားကျောင်းတွေဖြစ်တဲ့ Puji ဘုရားကျောင်း၊ Fayu ဘုရားကျောင်း နဲ့ Huiji ဘုရားကျောင်းတွေ တည်ရှိနေကြပါတယ်။ဒီအထဲ Puji ဘုရားကျောင်းဟာ Putuoshan တောင်၏ အဓိကဘုရားကျောင်းဖြစ်ပြီး အရေးကြီးသော ဗုဒ္ဓဘာသာလှုပ်ရှားမှုအားလုံးကို ဒီနေရာမှာ ကျင်းပကြပါတယ်။ဧရိယာ ၃၇,၀၁၉ စတုရန်းမီတာကို လွှမ်းခြုံထားပြီး၊ ၎င်းတွင် Grand Yuantong နန်းတော်၊ ကောင်းကင်ဘုံရှင်ဘုရင်များခန်းမ၊ ဗုဒ္ဓသုတ္တန်များ သိုလှောင်ရာနဲ့ အခြားအဆောက်အဦ ၃၅၇ လုံးတို့နဲ့အတူ ခမ်းနားလှပတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

           ခရမ်းရောင်သစ်တော ရှုခင်းသာဧရိယာ

Putuoshan တောင်တန်းမှာ ရှုခင်းသာနေရာ ကိုးခုရှိပြီး ခရမ်းရောင်သစ်တော ရှုခင်းသာဧရိယာကတော့ ရေပန်းအစားဆုံးဖြစ်ပါတယ်။ဒီခရမ်းရောင်သစ်တော ရှုခင်းသာဧရိယာဟာ Putuoshan တောင်ရဲ့ အရှေ့တောင်ဘက်တွင် တည်ရှိပါတယ်။

           Pantuo Stone

အမှတ်တမဲ့ဆို ယိမ်းယိုင်နေမယ်လို့ထင်ရတဲ့ ဒီကျောက်တုံးဟာ ခိုင်ခံ့ပြီး ထိပ်မှာ လူ ၃၀ ကို တစ်ချိန်တည်း ထားနိုင်တယ်လို့ ဆိုပါတယ်။ဒါဟာဆိုရင် မြန်မာနိုင်ငံက ကျိုက်ထီးရိုးစေတီအောက်က ကျောက်တုံးတည်ရှိမှုပုံနဲ့ နည်းနည်းဆင်တယ်လို့ ထင်ပါတယ်။ဒီမှာတော့ ဒဏ္ဍာရီတစ်ခုရှိပြီး Ksitigarbha ဘုရားလောင်းဟာ Jiuhua တောင်ကို မကြွမီ ဤနေရာတွင် တရားထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ကျောက်တုံးမျက်နှာပြင်ပေါ်မှာဆိုရင် ဘုရားလောင်းထိုင်ခဲ့တဲ့အရာ ထင်ချန်ထားရှိတယ်လို့လည်း ဖော်ပြကြပါတယ်။

သဘာဝရှုခင်းမှာတော့ စမ်းချောင်းလေးတွေက Pantuo Stone ရဲ့ တစ်ဖက် တစ်ချက်စီတွင် စီးဆင်းနေပြီး နေရောင်ဖြာကျလာတဲ့အခါ ကျောက်တုံးဟာ ရွှေရောင်တောက်ပသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ကျောက်တုံးရဲ့ အထွတ်အထိပ်ကို တက်ရင် ဆက်စပ်နေတဲ့ ကောင်းကင်နဲ့ ပင်လယ်ကို ကောင်းကောင်းမြင်နိုင်တယ်လို့လည်း ဆိုပါတယ်။

           ခြေလှမ်းတစ်ရာ ရွှေသဲသောင်ပြင်

ခြေလှမ်းတစ်ရာရှိ ရွှေသဲသောင်ပြင်ကတော့ ကော်ဇောလို ဖြူစင်ပြီး နူးညံ့တဲ့ လှိုင်းလုံးလေးတွေက ကမ်းခြေမှာ နေ့စဉ် ပက်လက်လန်နေကာ စည်းချက်ညီညီ အဆက်မပြတ် ထွက်ပေါ်လာတယ်လို့ ညွှန်းဆိုကြပါတယ်။ကျောက်ဆောင် ကျောက်တန်းလေးတွေပါရှိတဲ့ ရေဟာ ရေကူးဝါသနာပါသူတွေအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ရှိနေပါတယ်။မေလမှ သြဂုတ်လအတွင်းမှာတော့ နေ့ခင်းဘက်တွင်သာ ရေကူးခွင့်ရှိပြီး ကန့်သတ်ချက် ထားရှိပါတယ်။ခြေဗလာနဲ့ လမ်းလျှောက်ရတာက စွဲမက်ဖွယ်ကောင်းမှာဖြစ်ပြီး သဲနုထဲမှာ ခြေကျင်လျှောက်နေချိန် လှိုင်းလုံးတွေက ခြေထောက်ကို ထိတွေ့မှုက ကြည်နူးဖွယ် ခံစားရစေမှာဖြစ်ပါတယ်။ညဘက်မှာတော့ ကြယ်စင်တွေနဲ့ လွှမ်းခြုံထားတဲ့ ကောင်းကင်က မမေ့နိုင်စရာဖြစ်မယ်လို့ ဆိုကြပါတယ်။

ဒီနေ့ခေတ်မှာတော့ ပူတူအိုတောင်ပေါ်မှာ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများစွာ ပြုလုပ်ကြပါတယ်။ဖေဖော်ဝါရီ ၁၉၊ ဇွန်လ ၁၉ ရက်နဲ့ စက်တင်ဘာ ၁၉ ရက်တွေမှာ ရိုးရာဘုရားဖူး သုံးကြိမ်အပြင် ဂွမ်ယင် ရိုးရာယဉ်ကျေးမှုပွဲတော်၊ ပူတူအိုတောင် နွေဦးခရီးသွားပွဲတော်နဲ့ ဗုဒ္ဓဘာသာဆောင်းပါးတွေရဲ့ ပူတူရှုခင်းပွဲတော်တို့အပြင် နေ့စဉ် ဗုဒ္ဓမြတ်စွာဘုရားကို ဆုတောင်းခြင်း၊ သုတ္တန်ရွတ်ဆိုခြင်းတွေရှိပါတယ်။

ထူးခြားချက်အနေနဲ့ ပူတူအိုတောင်ပေါ် ပထမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် ပိတ်ပွဲအခမ်းအနားကို ပူတူးရှန် ဗုဒ္ဓဘာသာအသင်းမှ ၂၀၀၆ ခုနှစ် ဧပြီလမှာ အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။အဲဒီနောက် ပူတူးရှန် ကြေညာချက်သည် ကမ္ဘာကို ထုတ်ပြန်ခဲ့ပြီး မကြုံစဖူး ကြီးမားသော အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ရေမြေသဘာဝအလှတရားတွေနဲ့ ထူးဆန်းဖွယ် သမိုင်းနောက်ခံရှိရာ တရုတ်ပြည်ရဲ့ ပထမဆုံး ဗုဒ္ဓဘာသာနယ်မြေလို့ဆိုကြတဲ့ ပူတူအိုတောင်အကြောင်း ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

လာမယ့်အပိုင်းတွေမှာလည်းအခုလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားဖို့ရှိနေကြောင်း တင်ပြရင်း ဒီနေရာမှာပဲ ရပ်နားလိုက်ရပါတယ်။

မိုးသား