【 နိုင်ငံတကာဆောင်းပါး 】 အပျော်စီးသင်္ဘောကြီးနဲ့ နှစ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ တရုတ်

【 နိုင်ငံတကာဆောင်းပါး 】 အပျော်စီးသင်္ဘောကြီးနဲ့ နှစ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ တရုတ်

တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းတည်ဆောက် အပျော်စီးသင်္ဘောကြီးဖြစ်တဲ့ Adora Magic City ကို ၂၀၂၄ ခုနှစ် နှစ်သစ်အစမှာပဲ ၎င်းရဲ့ခရီးစဉ်ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။

အကြီးစား အပျော်စီးသင်္ဘော “Adora Magic City” ဟာ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က ပင်လယ်ရေးရာဦးစီးဌာန ရေကြောင်းစီမံခန့်ခွဲရေးစင်တာရဲ့ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဝီစီသုံးကြိမ် ဆက်တိုက်မှုတ်လို့ တရားဝင်ပြေးဆွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ ပထမဆုံး အကြီးစား အပျော်စီးသင်္ဘောနဲ့ နှစ်သစ် စတင်ဖွင့်လှစ်နိုင်မှုက တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ သင်္ဘောတည်ဆောက်ရေး၊ အပျော်စီး စက်မှုလုပ်ငန်းနဲ့ စီးပွားရေးအတွက် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ခဲ့နိုင်ခဲ့တာလို့လည်း တရုတ်နိုင်ငံပိုင်မီဒီယာတွေက သုံးသပ်ရေးသားထားကြပါတယ်။

ဒီသင်္ဘောကြီးရဲ့ ပထမဆုံးခရီးစဉ်မှာတော့ ၆ ည၊ ၇ ရက်ကြာ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံ Jeju ကျွန်း၊ ဂျပန်နိုင်ငံ Nagasaki မြို့နဲ့ Fukuoka မြို့ စတဲ့နေရာတွေကို ပြေးဆွဲပါတယ်။ခရီးစဉ်ကို Shanghai Wusongkou International Cruise Terminal မှ ထွက်ခွာချိန် ခရီးသည် ၃,ဝ၀၀ ကျော် တင်ဆောင် မောင်းနှင်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

အခုလို တရုတ်နိုင်ငံရဲ့ ပြည်တွင်း ပထမဆုံး အကြီးစား အပျော်စီးသင်္ဘော “Adora Magic City” ထုတ်လုပ် တည်ဆောက်ခဲ့ရာမှာ China State Shipbuilding Corporation Limited(CSSCShanghai Waigaoqiao Shipbuilding CO.,LTD. က တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး သင်္ဘောရဲ့ အရှည် ၃၂၃.၆ မီတာရှိကာ အခန်း ၂၁၂၅ ခန်းရှိပြီး အများဆုံးခရီးသည်အနေနဲ့ ၅၂၄၆ ဦး လိုက်ပါစီးနင်းနိုင်တယ်လို့ ဖော်ပြကြပါတယ်။

Adora Magic City သင်္ဘောကြီးမှာ အထပ် ၁၆ ထပ်ပါရှိပြီး အများပြည်သူနေထိုင်ဖို့နဲ့ အပန်းဖြေဖို့ စုစုပေါင်း စတုရန်းမီတာ ၄ဝ,ဝ၀၀ နေရာအကျယ်အဝန်းရှိတယ်လို့ ဆိုကြပါတယ်။နှစ်သစ်မှာ ခရီးစဉ်ဖွင့်လှစ်နိုင်ခဲ့တဲ့ Adora Magic City လို အပျော်စီးသင်္ဘောကြီးတွေ တည်ဆောက်နိုင်ခဲ့တာက အခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့ အလုံးစုံ သင်္ဘောတည်ဆောက်မှုစွမ်းရည်အတွက်လည်း ခုန်တက်သွားတယ်လို့ SWS ရဲ့ အထွေထွေမန်နေဂျာ ချန်ဂန်က ဆိုပါတယ်။ဒီသင်္ဘောကြီးတည်ဆောက်မှုအပိုင်းမှာ ရှစ်နှစ်ကြာ သိပ္ပံနည်းကျ သုတေသနပြုခဲ့ပြီး ဒီဇိုင်းနဲ့ တည်ဆောက်မှု ငါးနှစ်ကြာပြီးနောက်မှာတော့ သင်္ဘောကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပို့ဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သင်္ဘောရဲ့ ပထမဆုံးခရီးစဉ်မှာတော့ Cruise Port မှာ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေက တောင်ကိုရီးယားရှိ Jeju ၊ ဂျပန်နိုင်ငံရှိ Fukuoka နဲ့ Nagasaki သို့ သွားရောက်လည်ပတ်မယ့် ခုနစ်ရက်နဲ့ ခြောက်ညကြာ အပျော်စီးသင်္ဘောခရီးစဉ်ကို ပါဝင်လိုက်ပါခဲ့ကြတယ်လို့ ဆိုပါတယ်။

“တရုတ်ပြည်တွင်းဖြစ် အပျော်စီးသင်္ဘောကြီးကို ၂၀၁၉  ခုနှစ်ကတည်းက စတင်တည်ဆောက်နေပြီဆိုတဲ့ သတင်းကို ကျွန်တော်တို့ သိလိုက်ရတဲ့အခါ၊ ကျွန်တော်တို့မိသားစုဟာ သင်္ဘောစတင်လည်ပတ်ပြီးတာနဲ့ သင်္ဘောခရီးစဉ်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဇန်နဝါရီ (၁) ရက်နေ့က Adora Magic City ပေါ်တက်တဲ့ ပထမအသုတ် ဧည့်သည်တစ်ဦးဖြစ်သည့် Feng Yanxin က CHINADAILY သတင်းမှာ ပြောကြားခဲ့ပါတယ်။

ကဏ္ဍသစ်အဖြစ် အခုလို အပျော်စီးသင်္ဘောကြီးတည်ဆောက်နိုင်တာအပြင် ပျော်စီးသင်္ဘောဈေးကွက် ပြန်လည်ဦးမော့လာတာနဲ့အတူ ပေါ်ထွက်လာတဲ့ အခွင့်အလမ်းတွေကိုရယူပြီး Adora Magic City အနေနဲ့ ၎င်းရဲ့ ရေရှည်လည်ပတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စျေးကွက်အုတ်မြစ်ချပေးနိုင်ခဲ့ပြီး အပျော်စီးသင်္ဘောအသုံးပြုသူများစွာကို အတွေ့အကြုံရဖို့လည်း လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့တယ်လို့ Shanghai International Cruise Business Institute ရဲ့ ဥက္ကဋ္ဌနဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ Qiu Ling ကလည်း CHINADAILY မှာ ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မှာတော့ Qiu ၏ အဆိုအရ၊ တရုတ်အပျော်စီးသင်္ဘော ပြေးဆွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေရဲ့ ခေတ်မီဆန်းပြားတဲ့ လည်ပတ်မှုနဲ့ စီမံခန့်ခွဲမှုတွေကိုရောက်ရှိဖို့ ဝေးကွာနေသေးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

မည်သို့ဆိုစေ နှစ်သစ်မှာ စီးပွားရေးနဲ့ တည်ဆောက်ရေး နယ်ပယ်သစ်အဖြစ် Adora Magic City လိုမျိုး အပျော်စီးသင်္ဘောကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပြီး ၄၀,၀၀၀ စတုရန်းမီတာ အကျယ်အဝန်းနဲ့ လူနေမှု၊ ဖျော်ဖြေရေးတွေ ပါဝင်တပ်ဆင်ထားတဲ့ သင်္ဘောကို ပင်လယ်ပေါ်ရှိ ခေတ်မီမြို့ကြီးလို့ လူသိများပါတယ်။

မိုးသား