【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၃၀၀၀ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော်

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၃၀၀၀ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော်

ကမ္ဘာတစ်ဝန်းမှာ ကျယ်ပြောလှတဲ့ သမိုင်းနောက်ခံနဲ့ အထင်အရှား တည်ရှိကြတဲ့ နိုင်ငံတွေများစွာရှိနေပြီး ဒီအထဲမှာ ထိပ်တန်း ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုနဲ့ သမိုင်းအမွေအနှစ်တွေကို ဆက်တိုက်ဖော်ထုတ်လျက်ရှိ တဲ့ တရုတ်နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။
 
တရုတ်နိုင်ငံရဲ့ ထိပ်တန်း သမိုင်းသုတေသန အမွေအနှစ်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေမှာဆိုရင် လူသားမျိုးနွယ်ရဲ့ အစောပိုင်းကာလ ရုပ်ကြွင်းတွေ၊ ၎င်းတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေ့ရှိမှုတွေ ပါဝင်နေပြီး ကာလအကြမ်းဖျင်းအနေနဲ့ဆိုရရင် အားလုံးသိထားကြတဲ့အတိုင်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တွေကနေ တရုတ်မင်းဆက်တွေ အုပ်ချုပ်တည်ရှိခဲ့တဲ့ သမိုင်းစဉ်အလိုက်လည်း ပါဝင်နေပါတယ်။
 
ဒီလိုရှာဖွေတွေ့ရှိချက်တွေထဲက ထင်ရှားတဲ့ တချို့ကိုကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အ တွင်း ရှာဖွေတွေ့ရှိခဲ့တဲ့တွေ့ရှိမှုတချို့ကို ပြန်တွေ့ရမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် တွေ့ရှိချက်တွေအနက်  Shang မင်းဆက်ခေတ် (၁၆၀၀-၁၀၄၆ B.C.) ‌ခေတ်ကလို့ ယူဆကြတဲ့ တော်ဝင်သင်္ချိုင်းဧရိယာနဲ့ ပတ်ဝန်းကျင်ရှိ အမွေအနှစ်ရုပ်ကြွင်းတွေကို တရုတ်နိုင်ငံအလယ်ပိုင်း၊ Henan ပြည်နယ် အနောက်မြောက်ဘက်မှာ တွေ့ရှိခဲ့ကြပါတယ်။
 
ဒါ့အပြင် အနောက် Xia မင်းဆက် (၁၀၃၈ -၁၂၂၇) ခုနှစ်အတွင်းက ကြွေအသုံးဆောင်ပစ္စည်းတွေကိုလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Helan ခရိုင်ကနေ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
 
တကယ်တော့ ဒါဟာ နက်နဲ့လှတဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ တရုတ်နိုင်ငံအတွက် ကမ္ဘာကို လျှို့ဝှက်ဆန်းကြယ်မှုတွေ ဆက်တိုက်ပေးသလိုဖြစ်နေပြီး လေ့လာကြည့်မယ်ဆိုရင် ၂၀၂၀ ခုနှစ်မှာ တရုတ်ယဉ်ကျေးမှုရဲ့ သမိုင်းဆိုင်ရာဇစ်မြစ်ကို ခြေရာခံဖို့ ကြီးမာတဲ့ ပရောဂျက်တစ်ခုကိုလည်း တရုတ်မှာ အဆိုပြုခဲ့ကြပါတယ်။
 
တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေးအဖွဲ့ (NCHA) ၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း ၅၈၀၀ ခန့်က တရုတ်နိုင်ငံဒေသအသီးသီးမှာ ကွဲပြားတဲ့ လူမှုရေးပုံစံမျိုးစုံတွေ ပေါ်ပေါက်ခဲ့တာကြောင့် တရုတ်ယဉ်ကျေးမှုရဲ့ အရှိန်အဟုန်မြင့်တဲ့အဆင့်အနေနဲ့ အမှတ်အသားပြုဖို့ စီမံကိန်းကို အကြံပြုလုပ်ဆောင်ခဲ့ကြတယ်လို့ ဖော်ပြမှုတွေရှိပါတယ်။ 
 
အဲဒီအချိန်ကာလကိုတော့ လွန်ခဲ့သော နှစ်ပေါင်း ၅၈၀၀ ကနေ ၃၅၀၀ အတွင်း သတ်မှတ်ပြီး ရှေးခေတ်၊ နိုင်ငံတော်ခေတ်နဲ့ မင်းဆက်ခေတ်လို့လည်း သတ်မှတ်လိုက်ကြတာလည်းဖြစ်ပါ တယ်။
 
အဲဒီနောက်မှာတော့ ရှေးခေတ် နိုင်ငံတော်ရဲ့ ပထမအဆင့်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၈၀၀ ကနေ ၅၂၀၀ ဝန်းကျင်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တွေ့ရှိမှုတွေကို သတ်မှတ်ခဲ့ပြီး၊ ဒုတိယအဆင့်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၂၀၀-၄၃၀၀ ခန့်ကာလကို သတ်မှတ်ကာ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Zhejiang ပြည်နယ်က လူသိ များတဲ့ Liangzhu site အပါအဝင် မတူကွဲပြားတဲ့ လူမှုနယ်ပယ်တိုးမြင့်လာမှုတွေနဲ့ လူမှုအရင်းအမြစ်တွေ တိုးပွားလာမှုတို့ကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။
 
တတိယပိုင်းအနေနဲ့ လွန်ခဲ့သောနှစ်ပေါင်း ၄၃၀၀ ကနေ ၃၈၀၀ ခန့်လို့ သတ်မှတ်ခဲ့ကြပြီး အဲဒီမှာတော့ အလယ်ပိုင်းလွင်ပြင်တစ်ဝိုက်ကို ဗဟိုပြုလို့သမိုင်းကြောင်းထူထောင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ သမိုင်းဝင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အုတ်မြစ်အဖြစ် သတ်မှတ်ကြပါတယ်။
 
ဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၈၀၀ ခန့်ကစလို့ တရုတ်နိုင်ငံဟာ မင်းဆက်တွေခေတ်ကို ဝင်ရောက်ခဲ့တယ်လို့ သုတေသီတွေက ယုံကြည်ကြတယ်လို့ ဖော်ပြကြပါတတယ်။ဒီလိုကြိုးပမ်းမှုတွေနဲ့အတူ  ၂၀ ရာစုမှာတော့ တရုတ်နိုင်ငံဟာ ရှာဖွေတွေ့ရှိမှုများစွာ အောင်မြင်ခဲ့ပြီး ဒီအထဲ အဓိက ရှေးဟောင်းသုတေသန ရှာဖွေတွေ့ ရှိမှု ၁၀၀ ဝန်းကျင်ကိုလည်း အထင်ကရအဖြစ် ကမ္ဘာကို ချပြနိုင်ခဲ့ကြပါတယ်။
 
ဒါ့အပြင် ဆက်တိုက်လုပ်ဆောင်မှု တွေကြောင့် မကြာသေးတဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကပဲ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Zhejiang ပြည်နယ်မှာ နှစ်ပေါင်း ၃၀၀၀ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်းမြို့တော်ရဲ့ အပျက်အစီးတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ ရှိခဲ့ကြပါသေးတယ်။
 
ပြည်နယ်မြို့တော်ဖြစ်တဲ့ Hangzhou ရှိ Yuhang ခရိုင် Jingshan မြို့နယ်မှာ အပျက်အစီးတွေနဲ့ရှိနေတဲ့ ရှေးဟောင်းမြို့ကို ဖော်ထုတ်နေကြပြီဖြစ်ပါတယ်။ဒီတွေ့ရှိမှုမှာတာ့ ခေတ်ကာလအနေနဲ့ Shang မင်းဆက် (၁၆၀၀ B.C.-၁၀၄၆ B.C.) ကာလအတွင်းက အရေးကြီးတဲ့ ဒေသဆိုင်ရာ အခြေစိုက်စခန်းတစ်ခုဖြစ်တယ်လို့ ပြည်နယ်ရှေး ဟောင်းသုတေသနဌာနက ယူဆထားပါတယ်။ 
 
စုစုပေါင်း ဧရိယာအနေနဲ့ ခန့်မှန်းခြေ ၃၅၀,၀၀၀ စတုရန်းမီတာရှိပြီး၊ မြို့ဧရိယာအနေနဲ့ ၂၅၀,၀၀၀ စတုရန်းမီတာခန့် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။
 
ဒီနေရာမှာ နှစ်ပေါင်း ၇၀၀၀ ခန့်က လူနေထိုင်ခဲ့ပြီး Xia မင်းဆက်နှောင်းပိုင်း (2070 B.C.-1600 B.C.) ကနေ Shang မင်းဆက်အထိ ဘ၀ရပ်တည်မှုတွေရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနအဖွဲ့မှ အကြီးအကဲ Luo Rupeng က ပြောကြားခဲ့ပါတယ်။
 
အသစ်တွေ့ရှိချက်က Qin ခေတ် မတိုင်မီက တောင်ပိုင်းမြို့တွေရဲ့ တည်ဆောက်မှုနည်းလမ်းတွေ၊ အခြေချနေထိုင်မှုပုံစံတွေနဲ့ လုပ်ငန်းဆောင်တာဇုန်တွေကို လေ့လာဖို့အတွက် အရေးကြီးတဲ့ အချက်အလက်တွေကို ပေး ဆောင်တယ်လို့ Luo က ဆိုပါတယ်။
 
အဆိုပါနေရာကို အခုထပ်မံတွေ့ရှိတဲ့ အစိတ်အပိုင်းမတိုင်မီ ၁၉၈၀ ခုနှစ်တွေက စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ တူးဖော်တဲ့လုပ်ငန်းကို စတင်ခဲ့တာလို့လည်း သိရပါတယ်။
 
မိုးသား