【 နိုင်ငံတကာဆောင်းပါး 】 တိုင်လူမျိုးသင်္ကြန်မှာ တွေ့ရတဲ့ အကဒဏ္ဍာရီတစ်ပုဒ်

【 နိုင်ငံတကာဆောင်းပါး 】 တိုင်လူမျိုးသင်္ကြန်မှာ တွေ့ရတဲ့ အကဒဏ္ဍာရီတစ်ပုဒ်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာရှိတဲ့ တိုင် တိုင်းရင်းသားတို့မှာ ရှေးနှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းလာခဲ့ကြတဲ့ ရိုးရာယဉ်ကျေးမှု အကတစ်မျိုးရှိပါတယ်။
 
အဲဒီအကကို တိုင်ပြက္ခဒိန် ဆဋ္ဌမလမှာ ကျင်းပတဲ့တိုင် နှစ်သစ်ကူး ရေသဘင်ပွဲတော် (သင်္ကြန်) မှာ အဓိကမြင်တွေ့ရသလို နှစ်စဉ် ဘိုင်ပလာ (Baipala) ပွဲတော်လိုမျိုး ဗုဒ္ဓဘာသာပွဲတော်အချို့နဲ့ အခမ်းအနားတွေမှာ ဖျော်ဖြေကြတဲ့ အကအလှတစ်ရပ်ဖြစ်ပါတယ်။
 
ဒီအကကို “ဥဒေါင်းအက” လို့ သိကြပြီး ဥဒေါင်းအကဟာ တိုင်-တိုင်းရင်းသားတို့ရဲ့ အကအလှတွေထဲမှာလည်းအကျော်ကြားဆုံး အကဖြစ်ပါတယ်။အလွန်ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး တိုင်လူမျိုးတို့ရဲ့ ထူးခြားတဲ့ တိုင်းရင်းသားယဉ်ကျေးမှုနဲ့လည်း နီးကပ်စွာ ဆက်စပ်နေတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ လူမျိုးရဲ့ အဆင့် အတန်းအနေနဲ့ မြင့်မားတဲ့ အနုပညာရှိကြောင်းကို သက်သေပြနိုင်တဲ့ အကပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။
 
          ဥဒေါင်းအကဆိုတာ ဘယ်လိုလဲ ?
 
ယေဘုယျအားဖြင့် တိုင်လူမျိူးတွေရဲ့ရိုးရာ ဥဒေါင်းအကမှာ ပုံစံနှစ်မျိုးရှိပါတယ်။တစ်ခုကတော့ဒေါင်းအမွှေးကို အတုယူပြီး ဝါး၊ ပိုးနဲ့ အခြားပစ္စည်းတွေ ပေါင်းစပ်ကာ ပြုလုပ်ထားတဲ့ လေးလံတဲ့ဒေါင်းအတောင် အဆင်တန်ဆာနဲ့ ဒေါင်းပုံစံကတဲ့ ဒေါင်းအကဖြစ်ပါတယ်။ဒီပုံစံအပြင်အဆင်မှာဆိုရင် ကီလို (၂၀) အထိ အလေးချိန်ရှိနိုင်ပြီး ဖျော်ဖြေသူရဲ့ နောက်ကျောနဲ့ ခါးနေရာမှာ တွဲဆက်ထားပြီး ကကြရတာဖြစ်ပါတယ်။
 
နောက်တစ်မျိုးကတော့ လေးလံတဲ့ ဒေါင်းအတောင် အဆင်တန်ဆာတွေ မပါဝင်တော့တဲ့တစ်မျိုးဖြစ်ပြီး ဒါကိုတော့ “အတောင်မပါတဲ့ ဒေါင်းအက” (unarmed peacock dance) လို့ခေါ်တဲ့ အကဖြစ်ပါတယ်။
 
အဆင်တန်ဆာ အတောင်မပါတဲ့ ဒေါင်းအကမှာတော့ ဖျော်ဖြေသူအနေနဲ့ လေးလံတဲ့အတောင်တွေမပါဝင်ဘဲ ကပြတဲ့ တင်ဆက်မှုဖြစ်ပါတယ်။ဒေါင်းအကမှာတော့ အမျိုးသားရော၊ အမျိုးသမီးအကပါ ဖျော်ဖြေတင်ဆက်မှုပုံစံတွေရှိပြီး ဒေါင်းအကနဲ့အတူ တွဲဆက်ဖျော်ဖြေတာက တိုင်လူမျိုးရိုးရာဖြစ်တဲ့ ဆင်ခြေဗုံ (Elephant-foot) ၊ မောင်း (gongs) နဲ့ လင်းကွင်း (cymbals) စတဲ့ ရိုးရာတူရိယာတွေ လိုအပ်တာလည်းဖြစ်ပါတယ်။
 
ဥဒေါင်းအကကို ဖျော်ဖြေတင်ဆက်မှုမြင်ကွင်းဟာ သက်ရှိ ဒေါင်းတစ်ကောင်ရဲ့ လှုပ်ရှားမှု အမူအရာတွေကို မှတ်သားပြီး တီထွင်ဖန်တီးထားတဲ့ ကကွက်ပုံစံတွေဖြစ်တာကြောင့် အမြင်ဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းတာလည်းဖြစ်ပါတယ်။အဲဒီလှုပ်ရှားမှု ကကွက်တွေမှာဆိုရင် အသိုက်ကနေ ပျံထွက်လာတဲ့ ဒေါင်းတစ်ကောင်လို ကခုန်လှုပ်ရှားမှု၊ ပတ်ပတ်လည်ကို သတိထားပြီး ကြည့်တဲ့ဟန်ပန်၊ အဲဒီနောက် လယ်ကွင်းထဲမှာ ကျင်လည်အစာရှာတဲ့ဟန်၊ အစာစားသောက်ပြီး မြစ်ကမ်းနားကိုသွားလို့ မြစ်ထဲရေချိုး၊ ရေကစားတာ၊ ခဏအကြာမှာ ရေကိုလှုပ်ခါပြီး အမွေးအတောင်တွေကိုဖြန့်တာ၊ နေရောင်အောက်မှာ ပြေးလွှားတာ၊ ကခုန်တာနဲ့ နောက်ဆုံး အတောင်တွေကို ဖြန့်ပြီး ကောင်းကင်ကို ပျံသန်းတဲ့ ဟန်ပန်တွေကို ပါဝင်ထည့်သွင်း ကပြတဲ့ အကဖြစ်ပါတယ်။
 
ဒါဟာ ကမ္ဘာပေါ်မှာ အလှပဆုံး ငှက်ဖြစ်တဲ့ ဒေါင်းရဲ့အလှနဲ့ အံဝင်ခွင်ကျရှိမှုကို ပြက်ပြက်ထင်ထင် ပြသနိုင်တာလည်းဖြစ်ပါတယ်။
 
         ဥဒေါင်းအကနဲ့ ဒဏ္ဍာရီ
 
ဒေါင်းအကအကြောင်း ပြန်ကြည့်မယ်ဆိုရင် အကကိုတီထွင်ထားတဲ့ တိုင်လူမျိုးတွေရဲ့ တည်ရှိမှုကို အရင်ခြေရာခံရမှာဖြစ်ပါတယ်။ဖော်ပြမှုတွေအရ တိုင်လူမျိုးတို့ရဲ့တည်ရှိမှုကို ပထမရာစုအတွင်း ဟန်စာအုပ်တွေမှာ ပထမဆုံး မှတ်တမ်းတင်ခဲ့တယ်လို့ ဖော်ပြမှုတွေရှိကြပါတယ်။ “ထာဝရနွေဦး၏ပြည်” “land of eternal spring” လို့ ခေါ်တဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှာ တိုင်လူမျိုးစုတွေဟာ အဓိကတည်ရှိခဲ့တယ်လို့ ဆိုကြပါတယ်။အတိတ်သမိုင်းတစ်လျှောက် တိုင်လူမျိုးတို့ဟာ ကိုယ်ပိုင်ဘာသာစကား၊ ပြက္ခဒိန်နဲ့ ဆေးပညာရပ်တွေအပြင် သူတို့ရဲ့အကနဲ့ သီဆိုမှုစွမ်းရည်တွေကြောင့် လူသိများခဲ့ကြပါတယ်။
 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ အစောပိုင်းမှာဆိုရင် တိုင်လူမျိုးတွေရဲ့ ရိုးရာအနုပညာဟာ ဆန်းပြားတဲ့ အဆင့်ကို ရောက်ရှိခဲ့ပြီး အရှေ့ဟန်မင်းဆက် (၂၅-၂၂၀) မှာဆိုရင် နိုင်ငံရဲ့ မြို့တော် (Luoyang) မှာ အက၊ ကာယဗလနဲ့ ပညာရပ်တွေသင်ပေးဖို့ တိုင်အနုပညာရှင်တွေကို မကြာခဏ ဖိတ်ကြားခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။အဲဒီခေတ်ထဲက အကအမျိုးပေါင်း (၃၀၀) ကျော်ကို လက်ဆင့်ကမ်းခဲ့ကြပြီး ဥဒေါင်းအကဟာ အကျော်ကြားဆုံးအနေနဲ့ ကိုယ်စားပြုခဲ့တယ်လို့ ဆိုပါတယ်။
 
တိုင်တွေဟာ ဟိနယန ဗုဒ္ဗဘာသာ (Hinayana Buddhism) ကို ကိုးကွယ်ယုံကြည်ကြပြီး ဥဒေါင်းတွေနဲ့ပတ်သက်လို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထွတ်အမြတ်ထားရာအဖြစ် သတ်မှတ်ကြပါတယ်။
 
ဗုဒ္ဓဘာသာ သရုပ်ဖော်ကျမ်းတွေမှာဆိုရင် အချို့ဘုရားလောင်း (Bodhisattvas) တွေမှာ ကြာပန်းနဲ့ ဒေါင်းမြီးတို့ကို ကိုင်ဆောင်ကာ သာသနာပြုကြတဲ့ ဆင်ယင်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဥဒေါင်းအမွှေးကို သန့်စင်ခြင်းအခမ်းအနားတွေမှာ အသုံးပြုလေ့ရှိပြီး တိုင်လူမျိုးတွေရဲ့ အမြင်မှာ ဒေါင်းဟာ အလှတရားနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတယ်လို့ယုံကြည်ကြပြီး ကောင်းတဲ့နိမိတ်လို့ ယူဆခဲ့ကြတာလည်းဖြစ်ပါတယ်။
 
နောက်ထပ်ဖော်ပြမှုတစ်ခုမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀) က တိုင်လူမျိုးစုခေါင်းဆောင်တစ်ဦးဟာ မြစ်ကမ်းဘေးတွင် လှပတဲ့ ဒေါင်းအကကို တစ်ကြိမ်တွေ့ဖူးရာက ဒေါင်းရဲ့ကျက်သရေရှိတဲ့ ကိုယ်ဟန်ပန်တွေကို တုပပြီး ကခုန်မှုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
 
ဒီနေ့ခေတ်မှာ လေ့လာကြည့်မယ်ဆိုရင်တော့ အာရှနိုင်ငံတွေမှာ ဒေါင်းအက ဓလေ့များစွာ ထွန်းကားလျက်ရှိတာလည်းဖြစ်ပါတယ်။ဒေါင်းအက ဓလေ့တွေကို မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေမှာ တွေ့ရှိရပြီး လူမျိုးစုနဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုအနုပညာတစ်ရပ်အဖြစ် ယှဉ်တွဲလျက်ရှိနေတာလည်း ဖြစ်ပါတော့တယ်။
 
မိုးသား