【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု (အပိုင်း-၃)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု (အပိုင်း-၃)

တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု အကြောင်းကို ဖော်ပြရာမှာ အခုဆိုရင်တော့ (အပိုင်း - ၃) ကို ရောက်ရှိလို့လာခဲ့ပါပြီ။

အခုအပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ အတိုးတက်ဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ဂန္တဝင်ဥယျာဉ်တွေ လည်ပတ်စရာတွေနဲ့ ပြည့်နှက်လျက်ရှိတဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ နေရာတချို့ကနေ စတင်ဖော်ပြပေးသွားလိုပါတယ်။

           (၇) တရုတ်နိုင်ငံ အရှေ့ပိုင်း

သမိုင်းကြောင်းအရ ဒီနေရာဟာ တရုတ်ပြည် Qing မင်းဆက်ခေတ်တည်းက Qingdao လို ဆိပ်ကမ်းတွေ တည်ဆောက်ဖွင့်လှစ်စေခဲ့တဲ့ နေရာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တော့ အရှေ့ပိုင်းဒေသမှာရှိတဲ့ ရှန်ဟိုင်းမြို့ဟာ နိုင်ငံတကာရေကြောင်းကုန်သွယ်ရေး ဆိပ်ကမ်းကြီးတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့ မြို့ဖြစ်ပြီး ထွန်းကားတိုးတက်နေတဲ့ နေရာဖြစ်ပါတယ်။တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Jiangsu ပြည်နယ် တောင်ပိုင်းရှိ အဓိကမြို့တစ်မြို့ဖြစ်တဲ့ Suzhou ဟာလည်း လည်ပတ်စရာ ဂန္တဝင်ဥယျာဉ်တွေနဲ့အတူ လူသိများပြီး ဒီအထဲမှာ Hangzhou ရဲ့ အလယ်မှာရှိတဲ့ နာမည်ကျော် West Lake တို့လို နေရာတွေရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ တောရိုင်းသဘာဝကို ခံစားလိုသူတွေအတွက်တော့ Zhejiang ပြည်နယ်မှာရှိတဲ့ Anji ကောင်တီကို သွားရောက်သင့်ပြီး အဲဒီနေရာဟာဆိုရင် ၂၃၅ စတုရန်းမိုင် ကျယ်ဝန်းတဲ့ ဝါးတောကြီးအတူ လူသိများတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့် စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့အတူ ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းကျော်က သစ်တောနဲ့ အခြားသစ်ပင်တွေ ဖုံးလွှမ်းထားတဲ့ နေရာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေချိုကန်တွေထဲက တစ်ခုဖြစ်တဲ့ Tai ရေကန်လည်း Jiangsu ပြည်နယ်မှာ တည်ရှိနေပြန်ပါတယ်။ဒီနေရာမှာ ကျွန်းပေါင်း ၉၀ ကျော်ရှိပြီး အခြားတစ်ဖက်မှာ ကမ္ဘာ့ရှေးအကျဆုံး တူးမြောင်းဖြစ်တဲ့ နာမည်ကျော် Grand Canal ရဲ့ ချိတ်ဆက်တည်ရှိမှုကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Fujian ပြည်နယ်ရှိ ရှုခင်းသာနေရာတစ်ခုဖြစ်တဲ့ Wuyi တောင်လည်း တည်ရှိနေပြီး ဒီနေရာမှာတော့ ဂူပေါက်တွေနဲ့ ဂူတွေပါရှိတဲ့ ရှေးဟောင်းမီးတောင်ရှုခင်းကို တွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့တော့ Nine Bend မြစ်ရဲ့ ရှုခင်းကို အမြင့်ကနေ ကြည့်ရှုခံစားနိုင်မှာလည်းဖြစ်ပါတယ်။

           အထူးအုပ်ချုပ်ရေးဒေသများ

တရုတ်ရဲ့ အလှဆုံးဒေသတွေကိုဆိုရာမှာ တရုတ်နိုင်ငံရဲ့ SARs (သို့မဟုတ်) အထူးအုပ်ချုပ်ရေးဒေသတွေကလည်း ချန်လှပ်ထားလို့မရတဲ့ ဒေသတွေဖြစ်ပါတယ်။ဆိုရရင်တော့ ကိုလိုနီခေတ်ဟောင်းကနေ တရုတ်အနေနဲ့ ပြန်လည်လက်ခံရယူနိုင်ခဲ့တဲ့ ဟောင်ကောင်၊ မကာအို စတဲ့ ဒေသတွေဟာလည်း လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားတွေရှိတဲ့ ဒေသတွေဖြစ်ပါတယ်။

           (၈) ဟောင်ကောင်

ဟောင်ကောင်ဆိုတာနဲ့ ကျွန်းနိုင်ငံတစ်ခုအဖြစ် အားလုံးကသိကြပြီး ပြည်မကြီးနဲ့ အခြားကျွန်းငယ်များစွာ တည်ရှိနေတဲ့ နေရာဖြစ်ပါတယ်။ဒါကြောင့် ဒီဒေသမှာဆိုရင်လည်း လှပတဲ့ရှုခင်းတွေရှိနေပြီး ပြောရမယ်ဆိုရင် ဟောင်ကောင်ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ နာမည်ကျော် Mai Po သဘာဝဘေးမဲ့တောကို အများစုကသိကြမယ် ထင်ပါတယ် ဒီနေရာဟာ ဆယ်စုနှစ်သုံးခုကျော်ကြာက ငှက်မျိုးစိတ်တွေရဲ့ မှီခိုရာဖြစ်ခဲ့ပြီး ရှားပါးတဲ့ black-faced spoonbill လို ငှက်မျိုးစိတ်တွေကိုလည်း တွေ့မြင်ရတဲ့ နေရာဖြစ်ပါတယ်။ဘေးမဲ့တောရဲ့ အနီးတစ်ဝိုက်မှာဆိုရင်လည်း Gei Wai ၊ ရေချိုကန်တွေ၊ ဒီရေကန်တွေ၊ ဒီရေတောတွေနဲ့ ကျူခင်းတွေလည်းရှိနေပြီး တောရိုင်းတိရိစ္ဆာန်တွေ စုဝေးရာ လှပတဲ့ သဘာဝနေရာတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် တောရိုင်းတိရစ္ဆာန် သဘာဝတွေရှိတဲ့ အရိုင်းဆန်တဲ့ နေရာတွေလည်း ရှိနေပါသေးတယ်။ဟောင်ကောင်ကျွန်းတောင်ဘက် Repulse Bay မှာဆိုရင် အပန်းဖြေလေ့လာနိုင်ပြီး စိမ်းလန်းစိုပြေတဲ့ တောင်တန်းတွေနဲ့ ရိုးရာအိမ်တွေရှိရာ သာယာတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တစ်ခါ မြို့ရှုပ်ထွေးမှုကို မွန်းကြပ်သူတွေအတွက် အံ့သြဖွယ်မြင်ကွင်းများ၊ လှပတဲ့ကမ်းခြေတွေ၊ အရသာရှိတဲ့ အစားအစာတွေနဲ့အတူ ဒေသခံတွေရဲ့ ဖော်ရွေမှုနဲ့ တောင်တက်လမ်းတွေပါရှိတဲ့ လှပတဲ့ Lamma ကျွန်းလည်း ရှိနေပါတယ်။

ဆက်လက်ပြီး Dragon's Back လို့ သိကြပြီး အာရှရဲ့ အကောင်းဆုံး မြို့ပြခရီးသွားနေရာလို့ တင်စားကြတဲ့ နေရာလည်းရှိပါတယ်။၎င်းကို နဂါး၏ နောက်ကျောနဲ့ ဆင်တူပြီး လှိုင်းထနေတဲ့ တောင်ကြောကို ရည်ညွှန်းပြီး Dragon's Back လို့ ခေါ်တွင်တာဖြစ်ပါတယ်။ဒီနေရာမှာတော့ တောလမ်းတွေကနေ Tai Long Wan (Big Wave Bay) သဲဖြူဖြူတွေအထိ သွားလာရတာက ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်ပါတယ်။
 
ဟောင်ကောင်မှာ ဒုတိယအမြင့်ဆုံးတောင်နဲ့ Lantau ကျွန်းပေါ်ရှိ အမြင့်ဆုံးနေရာဖြစ်တဲ့ Lantau Peak တောင်ကလည်း ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် ၉၃၃ မီတာ (၃၀၆၁ ပေ) မှာရှိနေပြီး လှပတဲ့ ရှုခင်းတွေ တည်ရှိရာ နေရာအဖြစ် သိကြပါတယ်။ဒါပေမဲ့ တချို့ကကတော့ ဟောင်ကောင်ရဲ့ အလှကို ကြည့်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက Sai Kung ကျွန်းဆွယ်ကို ခြေလျင်တက်တဲ့ ခံစားမှုဖြစ်တယ်လို့ ဆိုကြပါတယ်။

           (၉) မကာအို

မကာအိုလို့ဆိုလိုက်ရင် အမှတ်တမဲ့ အပျော်အပါး လောင်းကစားဂိမ်းတွေ ပေါများတဲ့နေရာလို့ မြင်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီလိုမြို့ပြရဲ့ အပျော်အပါးတွေအပြင် ဒီနေရာမှာ သဘာဝအလှကို တွေ့နိုင်သေးတာလည်းဖြစ်ပါတယ်။

အနီးနားက ဟောင်ကောင်ထက် များစွာသေးငယ်တဲ့ ဒီနေရာမှာ တောင်တရုတ်ပင်လယ်ရဲ့ တောက်ပတဲ့ ရှုခင်းတွေကို ကြည့်ရှုနိုင်မယ့် မကာအိုရဲ့ အမြင့်ဆုံးနေရာရှိနေပါတယ်။အမြင့် ၅၆၆ ပေရှိတဲ့ Alto de Coloane တောင်ထိပ်က နာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မကာအိုရဲ့ Coloane ကျွန်းမှာရှိတဲ့ Hac Sa ကမ်းခြေမှာ အပန်းဖြေနိုင်သလို Seac Pai Van သဘာဝလမ်းလျှောက်နေရာနဲ့ မြစ်လမ်းတို့ကလည်း သွားလာအပန်းဖြေစရာ နေရာတွေအဖြစ် လူသိများလျက်ရှိပါကြောင်း တင်ပြရင်း တရုတ်နိုင်ငံရဲ့ အလှဆုံးဒေသ (၉) ခုအကြောင်းကို စုစည်းတင်ပြပေးလိုက်ရပါတော့တယ်။

မိုးသား