【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု (အပိုင်း-၂)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု (အပိုင်း-၂)

တရုတ်နိုင်ငံရှိ အလှဆုံးဒေသ (၉) ခု အကြောင်းကို ဖော်ပြရာမှာ အခုဆိုရင်တော့ (အပိုင်း-၂) ကို ရောက်ရှိလို့လာခဲ့ပါပြီ။

အခုအပိုင်းမှာတော့ လှပပြီး အချက်အချာကျတဲ့ ဧရိယာတွေရှိနေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသအကြောင်းကနေ စတင်ဖော်ပြပေးလိုပါတယ်။

          (၄) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း

တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး နယ်မြေတချို့ဟာဆိုရင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ တည်ရှိနေပါတယ်။အနောက်တောင်ပိုင်းဒေသကို လေ့လာမယ်ဆိုရင် တိဗက်ဒေသ၊ ယူနန်၊ ကွေ့ကျိုး၊ ကွမ်ရှီး၊ Chongqing နဲ့ Sichuan တို့လို ပြည်နယ်ဒေသတွေ ပါဝင်နေလို့ဖြစ်ပါတယ်။

သာယာတဲ့ ဒေသအဖြစ် သိကြသလို တည်နေရာအရ အနောက်တောင်ပိုင်းဒေသကို တရုတ်နဲ့ အရှေ့တောင်အာရှရဲ့ တံခါးပေါက်လို့ တင်စားကြပါတယ်။အကျော်ကြားဆုံး နေရာတစ်ခုအနေနဲ့ Tiger Leaping Gorge ဖြစ်ပြီး ဒါဟာ Jinsha မြစ်ပေါ်ရှိ ရှုခင်းသာ ချောက်တစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ လီကျန်း (Lijiang) မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာတွင် တည်ရှိတဲ့ ဒီနေရာမှာဆိုရင် တောင်ပေါ်ကနေ ကြည့်ရှုနိုင်တဲ့ ရှုခင်းအလှတွေကို ခံစားနိုင်သလို ခြေကျင်တောင်တက်တာ၊ လည်ပတ်သွားလာတာတွေနဲ့ စည်ကားတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ တကယ်တမ်း ယူနန်ပြည်နယ်တစ်ခုလုံးက စူးစမ်းလေ့လာဖို့ကောင်းတဲ့ တောင်တန်းဒေသတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

အရမ်းကိုလှပတဲ့ ဟိမဝန္တာတောင်တန်းကြီးရှိသလို ယန်စီ၊ မဲခေါင်နဲ့ သံလွင်မြစ်တွေ အားလုံးဖြတ်သန်းရာ နေရာဖြစ်တဲ့ မျဉ်းပြိုင်မြစ်သုံးခု အမျိုးသားဥယျာဉ် (Three Parallel Rivers National Park) တို့ဟာ ယူနန်ပြည်နယ်မှာ ရှိနေကြတာဖြစ်ပါတယ်။ဒါ့အပြင် တိဗက်ကုန်းပြင်မြင့်ဒေသ “ကမ္ဘာရဲ့ခေါင်မိုး” လို့ တင်စားကြတဲ့ တိဗက်ဒေသကိုလည်း အနောက်တောင်ပိုင်းကိုရောက်ရင် လေ့လာလည်ပတ်နိုင်မှာဖြစ်ပြီး ဒီနေရာမှာ Qomolangma အမျိုးသားဥယျာဉ်ကနေတစ်ဆင့် ဧဝရတ်တောင်ရဲ့ တိဗက်အခြေစိုက်စခန်းကိုလည်း စိတ်လှုပ်ရှားဖွယ် သွားရောက်နိုင်မှာဖြစ်ပါတယ်။

          (၅) တရုတ်နိုင်ငံ ဗဟိုတောင်ပိုင်း

ဒီဒေသကတော့ တရုတ်နိုင်ငံထဲက ရှုခင်းကောင်းကောင်းတွေကို မျှော်လင့်ထားတဲ့သူတွေအတွက် ဘယ်လိုမှ လက်မလွှတ်သင့်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ ဗဟိုတောင်ပိုင်းဒေသကို ခရီးထွက်တာက ပြီးပြည့်စုံတဲ့ ရွေးချယ်မှုလို့ ဆိုကြပါတယ်။ဒီကုန်းတွင်းပိတ်ဒေသဟာ စိုက်ပျိုးရေးနဲ့ ကျော်ကြားပြီး အခြားတစ်ဖက်မှာတော့ နိုင်ငံရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မြင်ကွင်းတချို့ကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီနေရာမှာ ထင်ရှားတာတစ်ခုက တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်၊  Wulingyuan ခရိုင်က ရှုခင်းနဲ့ သမိုင်းဝင်နေရာတစ်ခုကနေ စတင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Wulingyuan လို့ လူတွေသိကြတဲ့ ဒီရှုခင်းသာဧရိယာနေရာကို ၁၉၉၂ ခုနှစ်မှာတည်းက ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် ရေးထိုးထားတဲ့ နေရာဖြစ်ပါတယ်။နေရာအများစုမှာ မီတာ ၂၀၀ (၆၆၀ ပေ) ကျော်မြင့်ပြီး လှပတဲ့ ချောင်းတွေ၊ ရေကန်တွေ၊  မြစ်တွေနဲ့ ရေတံခွန်တွေပါရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။လျှိုမြောင်တွေနဲ့အတူ ၎င်းရဲ့ နေရာအများစုမှာတော့ ၃၀၀၀ ကျော် quartzite သဲကျောက်တိုင်တွေကို တောင်ထွတ်တွေမှာ မှတ်သားထားတဲ့ နေရာလည်းဖြစ်ပါတယ်။

ပိုပြီးလှပတာက Wulingyuan  ရှုခင်းသာဧရိယာတစ်ခုတည်းမှာ အမျိုးသားဥယျာဉ် (၄) ခု ပါဝင်နေတာဖြစ်ပြီး Zhangjiajie အမျိုးသားသစ်တောဥယျာဉ်၊ Tianzi တောင် သဘာဝဘေးမဲ့တော၊ Yangjiajie ရှုခင်းသာဧရိယာနဲ့ Suoxi တောင်ကြား သဘာဝဘေးမဲ့တောတွေရှိပြီး ဒီရှုခင်းတွေက မှတ်မှတ်ရရဆိုရရင် Avatar ဇာတ်ကားထဲက ဂြိုဟ်သားကမ္ဘာရှုခင်းတွေလိုပဲလို့ ဆိုကြပါတယ်။

Hubei ပြည်နယ်မှာတော့ ယန်ဇီမြစ်ပေါ်က Three Gorges Dam ကို တွေ့နိုင်ပြီး ကမ္ဘာ့အကြီးဆုံး ဓာတ်အားပေးစက်ရုံဖြစ်ပါတယ်။ဧရိယာတစ်ခုလုံး လှပပြီး ထူးခြားတာအပြင် နောက်ခံမြင်ကွင်းကောင်းကောင်းတွေကိုလည်း ပေးစွမ်းတဲ့ နေရာဖြစ်ပါတယ်။မြင့်မားတဲ့ ချောက်ကြီးတွေရှိပြီး ဒါတွေက လူတွေပြုလုပ်ထားတဲ့ ဆည်စီမံကိန်းအဖြစ် အံ့ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။အမြင့်ကြောက်သူအဖို့ ဒီနေရာမှာတော့ အနည်းငယ်ကြောက်စရာကောင်းပေမယ့် အထင်ကြီးစရာ တည်ဆောက်မှုကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ Wudang Shan တောင်ကိုလည်း သွားရောက်လည်ပတ်နိုင်ပြီး တရုတ်မင်းဆက်တွေခေတ်တည်းက တည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေနဲ့အတူ ကိုယ်ခံပညာ၊ တာအိုဘာသာတွေရှိနေခဲ့တဲ့ နေရာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီး Wudang တောင်ရဲ့ ဂုဏ်သတင်းက အမှန်တော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုဘဲ တရုတ်နိုင်ငံ ရုပ်ရှင် သိုင်းဇာတ်လမ်းတွေကို ကြည့်ဖူးသူအဖို့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။

          (၆) တရုတ်နိုင်ငံတောင်ပိုင်း

တရုတ်နိုင်ငံမှာသာမကဘဲ ကမ္ဘာတစ်ဝှမ်းလုံးမှာ အကျော်ကြားဆုံး ရှုခင်းတွေထဲက တစ်ခုလို့ ဆိုရလောက်အောင် ဒီဒေသမှာ ရှုခင်းတွေက အံ့မခန်းဖြစ်ပါတယ်။ Guangxi ပြည်နယ်၊ Yangshuo လို့ခေါ်တဲ့ မြို့ငယ်လေးမှာ လီမြစ်တစ်လျှောက် လှေစီးခရီးသွားတာက ဒီဒေသမှာ ရေပန်းစားပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမှာဆိုရင် ကျောက်တောင်တန်းတွေက တရုတ်ပန်းချီကားတစ်ချပ်ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံလို့ အခိုင်အမာပြောရလောက်အောင် လှပတဲ့ နေရာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ တောင်တက်ဖို့ အံ့သြစရာတွေနဲ့ မယုံနိုင်လောက်အောင် လှပတဲ့ပုံသဏ္ဍာန်နဲ့ Moon Hill လို လည်ပတ်စရာနေရာတွေလည်းရှိပါတယ်။ဒါ့အပြင် လီမြစ်ရဲ့အနောက်ဘက်ကမ်းမှာရှိတဲ့ karst ရှုခင်းတွေနဲ့ ကျော်ကြားတဲ့ Guilin မြို့ကိုလည်း လေ့လာလည်ပတ်နိုင်ပါတယ်။ Guilin ကနေဆက်ပြီး နာရီအနည်းငယ်သွားရင်တော့ ရှုခင်းဓာတ်ပုံရိုက်သူတွေရဲ့ အမြဲမျက်စိကျတာခံရတဲ့ Longji မှာရှိတဲ့ လူသိများတဲ့ စပါးခင်းရှုခင်းတွေကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာ အနီးနားက ကမ္ဘာ့ဆံပင်အရှည်ဆုံးရွာဖြစ်တဲ့ Huangluo Yao ရွာကို လည်ပတ်နိုင်ပြီး အဲဒီမှာဆိုရင် ဒေသရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့ ဆံပင်ရှည်တွေကို ထိန်းသိမ်းထားတဲ့ Red Yao အမျိုးသမီးတွေရဲ့ ဆံပင်ရှည်ပြပွဲကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းဒေသမှာ ကွမ်ကျိုးမြို့လည်းလည်းရှိနေပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးသုံးခုအနက်မှ တစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ဟိုင်နန်မှာလည်း ဆန်းကြယ်တဲ့ သဘာဝရှုခင်းအလှတွေကို မြင်တွေ့ရမှာဖြစ်ပြီး စိမ်းလန်းစိုပြေတဲ့ တောင်ကုန်းတွေ၊ သန္တာကျောက်တန်း တွေနဲ့ ရုက္ခဗေဒဥယျာဉ်တွေက လည်ပတ်လေ့လာလိုသူတွေအတွက် ဆွဲဆောင်တည်ရှိနေပါကြောင်း ဖော်ပြရင်း အခုအပိုင်းကို ဒီနေရာမှာပဲ ရပ်နားလိုက်ရပါတယ်။

မိုးသား