【 နိုင်ငံတကာဆောင်းပါး 】 ချုံချုင့်မြို့

【 နိုင်ငံတကာဆောင်းပါး 】 ချုံချုင့်မြို့

မြစ်ချောင်းတောတောင်တွေ ပေါများလှတဲ့ ချုံချင့် (Chongqing) မြို့ဟာ တရုတ်နိုင်ငံ၏ မြူနီစီပယ်အုပ်ချုပ်ရေး မြို့တော်တစ်ခုဖြစ်ပြီး ယန်စီမြစ်ရဲ့ အထက်ပိုင်းတွင် တည်ရှိပါတယ်။

တရုတ်နိုင်ငံ၏ မြူနီစီပယ်အုပ်ချုပ်ရေး မြို့တော်များထဲမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ထျန်ကျင်းနဲ့ ချုံချင့်မြို့တို့ပါဝင်ပြီး ဒီထဲမှာ ချုံချင့်မြို့ဟာ အကြီးဆုံးမြို့ဖြစ်ပါတယ်။

ချုံချင့်မြို့ (Chongqing) ဟာ သဘာဝတောတောင်ရေမြေများ ပတ်လည်ဝိုင်းရံနေပြီး မြစ်ချောင်းအသွယ်သွယ် လျှိုမြောင်အထပ်ထပ် ရစ်ပတ်လွှမ်းခြုံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ချုံချင့်မြို့သည် တရုတ်နိုင်ငံအနောက်ပိုင်း၊ စီချွမ်ပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး ရှေးနှစ်ပေါင်း ၄၀၀၀ ကျော်ကပင် ပေါ်ထွန်းခဲ့သော မြို့ဟောင်းတစ်ခုဖြစ်ပါတယ်။

ဘီစီ ၂၂ ရာစုနှစ်ခန့်က တရုတ်ပြည် ဆီယာမင်းဆက်မှ ယူဘုရင်၏ မိဖုရားကြီးမှာ ထိုဒေသတွင် မွေးဖွားခဲ့တယ်လို့  အဆိုရှိပါတယ်။ဘီစီ ၂၂၀ နှစ်က တရုတ်ပြည့်ရှင် ရှီဝှန်းတီဘုရင်ဟာ ချုံချင့်မြို့ကို သိမ်းပိုက်၍ တရုတ်ပြည်မထဲသို့ ထည့်သွင်းခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ချုံချင့်မြို့ဟာ စစ်နိုင်ငံများကာလက ပါးကော်နိုင်ငံဒေသဖြစ်ပါတယ်။ ဆွေခေတ်၊ ထန်ခေတ်တုန်းက ယွီကျိုးဒေသပိုင်ဖြစ်ပါတယ်။ ဂျပန်တော်လှန်ရေးကာလတုန်းက ကူမင်တန်အစိုးရရဲ့ အရန်မြို့တော်ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်ရောက်တော့ စီချွမ်းပြည်နယ် ချုံချင့်၊ ဝမ့်ခရိုင်နဲ့ ဖူလင် ဒုတိယအဆင့် မြို့သုံးမြို့နဲ့ ချန်မြစ်ဒေသ အုပ်ချုပ်ရေးဒေသများကို ဗဟိုတိုက်ရိုက်အုပ်ချုပ်တဲ့မြို့၊ ချုံချင့်မြို့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ချုံချင့်မြို့ရဲ့ လက်အောက်ခံအဖြစ် ဒေသ ၁၉ ခုနဲ့ ခရိုင် ၁၉ ခုရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ချုံချင့်မြို့ဟာ ယန်စီမြစ်နှင့် ကိယလင်မြစ်တို့ တွေ့ဆုံရာ ကျောက်ဆောင်ကျွန်းဆွယ်ပေါ်တွင် တည်ရှိတာဖြစ်ပါတယ်။အဲဒီမြစ်များဟာ တရုတ်နိုင်ငံအနောက်ပိုင်းကို အလယ်ပိုင်းနှင့်လည်းကောင်း၊ ပင်လယ်ဆိပ်ကမ်းမြို့များနှင့်လည်းကောင်း ဆက်သွယ်ပေးထားရာ သဘာဝတံခါးဝဟု ဆိုနိုင်ပါတယ်။ဒါကြောင့် ချုံချင့်မြို့ဟာ ယူနန်ပြည်နယ်မြောက်ပိုင်းနှင့် တိဗက်အရှေ့ပိုင်းတို့မှ ကုန်စည်စီးဆင်းရာ ဗဟိုအချက်အချာ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ချုံချင့်မြို့ဟာ ဧရိယာ ၈၂၄၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး စာရင်းများအရ အမြဲတမ်းနေထိုင်သူဦးရေဟာ သန်း ၃၀ ကျော်ရှိပါတယ်။ ဘက်စုံစက်မှုမြို့ဖြစ်ပြီး ယန်စီမြစ်ရေကာတာကြီး၊ ဖီဖာရှန်းတောင်နဲ့ ကျင့်ယွင်ရှန်းတောင်တို့ဟာ ချုံချင့်မြို့ရဲ့ နာမည်ကျော် ခရီးသွားနေရာတွေဖြစ်ပါတယ်။အခြားသော ခရီးသွားနေရာတွေကလည်း ချုံချင့်မြို့မှာ များစွာတည်ရှိနေပါသေးတယ်။

ကမ္ဘာ့အဆင့်မီ ပြည်တွင်းရေကြောင်း ကြယ်ငါးပွင့်ဇိမ်ခံသင်္ဘောဖြင့် ချုံချင့်မြို့ Chaotianmen ဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး “ကျွန်းတစ်ကျွန်း၊ မြစ်နှစ်စင်း၊ ကမ်းလေးဖက်” ညမြင်ကွင်း၊ Bayu ရိုးရာယဉ်ကျေးမှုများ တည်ရှိရာ Hongya လိုဏ်ဂူ၊ ယန်စီမြစ်ကူး ကေဘယ်လ်ကားနှင့် မြစ်ကူးတံတားများကို တွေ့မြင်ရှုစားနိုင်တာကြောင့်လည်း ခရီးသွားတွေ နှစ်သက်ကြပါတယ်။

ဒါ့အပြင် မြစ်ကြောအတိုင်း တောက်လျှောက်ဆင်းလာလျှင် ယန်စီမြစ်လျှိုမြောင်ကြီးသုံးသွယ်၊ Kuimen ဂိတ်၊ နတ်သမီးတောင်တို့ရှိပြီး Zhong ကောင်တီ Shibao ရွာ၊ Baiheliang ရေအောက်ကမ္ပည်းကျောက်စာများနှင့် သုံးပြည်ထောင်ခေတ် ပြဇာတ်များမှတစ်ဆင့်လည်း ရှည်ကြာသော သမိုင်းကြောင်းများကို လေ့လာနိုင်မှာဖြစ်ပါ တယ်။

ဒါကြောင့် ချုံချင့်မြို့မှာရှိတဲ့ ခမ်းနားထည်ဝါသော လျှိုမြောင်သုံးသွယ် (Three Gorges) ရှုခင်းနေရာသည် ကမ္ဘာကျော်ဖြစ်ပြီး အထူးထင်ရှားကာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော တာ့ကျူကျောက်ပန်းပုလက်ရာ (Dazu Rock Carvings) သည်လည်း ပြိုင်စံရှားပင်ဖြစ်ပါတယ်။

ကမ္ဘာ့သဘာဝအမွေနှစ်များဖြစ်သော ဝူလုံထုံးကျောက်တောင်စုမြေနေရာ (Wulong Karst) နှင့် ကျင်းဖော်တောင် (Jinfo) တို့မှာ ခံ့ညားထည်ဝါလှကာ ဝူးဆန်းကောင်တီ (Wushan) ရှိ လျှိုမြောင်ငယ်သုံးသွယ် (Small Three Gorges) ရှုခင်းသာနေရာသည် “နိုင်ငံ့အကောင်းဆုံး အပျော်ဖောင်စီး ဆော့ကစားရာနေရာ” ဟူ၍ နာမည်ဂုဏ်သတင်း ကျော်စောလျက်ရှိပါတယ်။

အလားတူ ချုံချင့်မြို့ရဲ့ ညမြင်ကွင်းတွေကလည်း ခမ်းနားလှပြီး နာမည်ကြီးစားစရာ မာလာဟော့ပေါ့ကလည်း လာရောက်လည်ပတ်သူများကို ထိုမြို့မှ မပြန်ချင်လောက်အောင်ကိုပင် ဆွဲဆောင်နေပါတယ်။

ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းများနှင့် လည်ပတ်စရာနေရာများစွာရှိနေတာကြောင့် ချုံချင့်မြို့ဟာ ခရီးသွားတွေနှစ်သက်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ခန့်မောင်