【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၂)

【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၂)

ကမ္ဘာတစ်ဝန်းက လည်ပတ် လေ့လာစရာတွေထဲ ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများအကြောင်း တင်ဆက်ပေးလျက်ရှိရာမှာ အခုအခါ (အပိုင်း-၂) ကို ရောက်လာပြီဖြစ်ပါတယ်။

အခုအပိုင်းမှာတော့ မြို့တော် ပေကျင်းနဲ့ နီးကပ်တည်ရှိနေပြီး စိတ်ဝင်စားဖွယ် သမိုင်းနောက်ခံ၊ ဆန်းပြားတဲ့ ဗိသုကာ အဆောက်အဦတွေကြောင့် လူသိများတဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ တီယန်ကျင်းမြို့ကနေ စပြီး ဖော်ပြပေးသွားချင်ပါတယ်။

           တီယန်ကျင်း (Tianjin)

တီယန်ကျင်း (Tianjin) မြို့ဟာ တရုတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Bohai ပင်လယ်တစ်လျှောက်မှာ တည်ရှိနေပြီး မြို့တော် ပေကျင်းနဲ့လည်း နီးကပ်လျက် တည်ရှိတာကြောင့် ခေတ်နဲ့အညီ စီးပွားရေးဇုန်တွေနဲ့အတူ တိုးတက်မှု အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ မြို့ကြီးဖြစ်ပါတယ်။ဒီမြို့ဟာ တရုတ်ရိုးရာ အနုပညာတစ်ရပ်ဖြစ်တဲ့ တရုတ်ဟာသ (Chinese Comedy) တင်ဆက်မှုတွေနဲ့အတူ လူသိများတဲ့ မြို့ဖြစ်ပြီး သမိုင်းကြောင်းအနေနဲ့ တီယန်ကျင်းကို (၁၄၀၄) ခုနှစ်မှာ တည်ထောင်ပြီး နှစ်ပေါင်း (၆၀၀) ကျော်ရှိပြီဖြစ်ပါတယ်။

အပြောင်းအလဲအနေနဲ့ ၁၈၆၀ ခုနှစ်မှာ ဗြိတိသျှနဲ့ ပြင်သစ် မဟာမိတ်တပ်တွေရဲ့ သိမ်းပိုက်တာကိုခံခဲ့ရပြီးနောက် ပထမဆုံး ကုန်သွယ်ဆိပ်ကမ်းဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြမှုတွေမှာ တွေ့ရပါတယ်။

ဒါကြောင့် တီယန်ကျင်းမြို့မှာ ဥရောပပုံစံ ရှေးကျတဲ့ အဆောက်အအုံကြီးတွေ တည်ရှိနေပြီး ဒေသခံပြည်သူနဲ့ နိုင်ငံတကာခရီးသွားတွေအတွက် အမှတ်တရနဲ့ လွမ်းမောဖွယ်အဖြစ် ကျန်ရှိနေခဲ့ပါတယ်။မြို့ရဲ့အလှကို ခံစားလိုသူတွေအတွက် ကမ်းရိုးတန်းတစ်လျှောက် (Binhai) ခရိုင်မှာ မြို့ကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ထို့အတူ သမိုင်းဝင်နေရာတွေရှိနေတဲ့ မြို့ဟာ တစ်ချိန်တည်းမှာပဲ ပေကျင်းကနေ ခရီးတိုအပန်းဖြေထွက်လာသူတွေနဲ့အတူ စည်ကားလျက်ရှိနေပြီး (Tianjin Cruise Port) ကတော့ နိုင်ငံတကာ အပျော်စီးခရီးသွားတွေအတွက် ကောင်းမွန်တဲ့ ကမ်းခြေအပျော်ခရီးတွေကို ဖန်တီးပေးလျက်ရှိနေပါတယ်။

တီယန်ကျင်း (Tianjin) ရဲ့ ခရီးသွားနေရာတွေကို ဖော်ပြရမယ်ဆိုရင် တောင်တက်ခြင်းအတွေ့အကြုံ ခံစားနိုင်ပြီး တရုတ်မဟာတံတိုင်းငယ်တစ်ခုအဖြစ် သိကြတဲ့ (Huangyaguan) မဟာတံတိုင်း၊ ရင်သပ်ရှုမောဖွယ် ခံစားချက်တွေကို ပေးစွမ်းတဲ့ ၁၂၀ မီတာရှိ (Tianjin Eye) ချားရထားတို့လို လူစိတ်ဝင်စားတဲ့ နေရာတွေ ရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီနဲ့ စပိန် စတဲ့ မျိုးစုံလှပတဲ့ ဗိသုကာလက်ရာမျိုးစုံပါဝင်ပြီး အိမ်ခြေ ၂၃၀ ကျော်ရှိတဲ့ မဟာရိပ်သာငါးခု (Five Great Avenues)၊ အထူးဗိသုကာလက်ရာတွေကို ခံစားကြည့်ရှုနိုင်သလို ရိုးရာလက်မှုပစ္စည်းတွေနဲ့ ဒေသထွက်အစာတွေကို မြည်းစမ်းနိုင်မယ့် တီယန်ကျင်း (Tianjin) ရှေးဟောင်းယဉ်ကျေးမှုလမ်းနဲ့ သမိုင်းဝင် အိမ်ပုံစံ ပြတိုက်တစ်ခုအဖြစ် ပြသထားတဲ့ ကြွေအိမ် (Porcelain House) တို့လို နေရာတွေအပြင် လေ့လာစရာတွေအများအပြားရှိနေသေးတာကြောင့် တီယန်ကျင်း (Tianjin) မြို့ဟာ တရုတ်နိုင်ငံရဲ့ ခရီးသွားဆွဲဆောင်ရာ မြို့ကြီးအဖြစ် ရှိနေပါတယ်။

           ဟိုင်နန်ပြည်နယ် (Hainan)

တရုတ်နိုင်ငံ တောင်ဘက်စွန်းမှာ တည်ရှိတဲ့ ဟိုင်နန်ပြည်နယ်ကတော့ တရုတ်နိုင်ငံရဲ့ တစ်ခုတည်းသော အပူပိုင်းကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်အတွင်း ဟိုင်နန်ဟာ (Guangdong) ရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ကိုယ်ပိုင်ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ တိန့်ရှောင်ဖိန်လက်ထက်မှာတော့ တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အထူးစီးပွားရေးဇုန် သတ်မှတ် လုပ်ဆောင်စေခဲ့ရာက လက်ရှိမှာတော့ ခရီးသွားလုပ်ငန်းတွေနဲ့အတူ တိုးတက်လျက်ရှိတဲ့ ဒေသဖြစ်ပါတယ်။

ကမ်းရိုးတန်းဧရိယာ ၁,၉၄၄ ကီလိုမီတာ ပတ်လည်ရှိပြီး စုစုပေါင်း ပင်လယ်အော် (၆၈) ခုရှိတဲ့ ဟိုင်နန်ဟာ မိုးသစ်တောတွေ၊ ယဉ်ကျေးမှုပန်းခြံတွေ၊ ရေကစားနည်းမျိုးစုံ၊ ထူထပ်တဲ့ ချိုင့်ဝှမ်းတွေ၊ ရှေးဟောင်းအဆောက်အဦတွေနဲ့ အရောင်အသွေးစုံလင်လှတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ ခမ်းနားတဲ့ ပွဲတော်တွေကြောင့် ခရီးသွားစိတ်ဝင်စားမှုကို ရရှိထားတာဖြစ်ပါတယ်။

အကောင်းဆုံးရှုခင်းတွေကိုကြည့်ဖို့ ဟိုင်နန်ကျွန်းပေါ်မှာဆိုရင် တောင်ဘက်အကျဆုံးဖြစ်တဲ့ ဟိုင်နန်ပြည်နယ်၊ စီရင်စုအဆင့် မြို့တစ်မြို့ဖြစ်တဲ့ (Sanya) ဟာလည်း ကျော်ကြားတဲ့နေရာဖြစ်ပါတယ်။ဒါ့အပြင် ဟိုင်နန်မှာ မိုးသစ်တောတွေများစွာရှိပြီး စိမ်းလန်းစိုပြေတဲ့ အသီးအရွက်ရှုခင်းတွေ၊ ရေတံခွန်တွေ၊  ရှားပါးတိရိစ္ဆာန်တွေ၊ (Wuzhishan) လိုမျိုး ရှုခင်းသာဧရိယာတွေ၊ တောင်တွေ၊ ပင်လယ်စာဆိုင်တွေ၊ အရှေ့တောင်အာရှ ဗိသုကာယဉ်ကျေးမှုနေရာတွေ၊ လူနည်းစုတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနဲ့ နေ့စဉ်ဘဝကို လေ့လာနိုင်မယ့် ဟိုင်နန်အမျိုးသားပြတိုက်၊ (Baizha) ရွာ စတဲ့ နေရာတွေများစွာရှိနေတာကြောင့် ဟိုင်နန်ဟာ ခရီးသွားတွေ လာရောက်လည်ပတ်ကြတဲ့ ဒေသတစ်ခုအဖြစ်ရှိနေပါတယ်။

           ယူနန်ပြည်နယ် (Yunnan)

အရောင်အသွေးစုံလင်တဲ့ ဂုဏ်သတင်းနဲ့အတူ ထင်ရှားတဲ့ ဒေသတစ်ခုကို ပြောပါဆိုရင် တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ယူနန်ပြည်နယ်ကို ဆိုရမှာဖြစ်ပါတယ်။များပြားလှတဲ့ ယဉ်ကျေးမှုတွေကို တွေ့မြင်နိုင်သလို အခြားတစ်ဖက်မှာလည်း နက်ရှိုင်းတဲ့ သမိုင်းကြောင်းလည်းရှိတဲ့ ယူနန်ပြည်နယ်ဟာ လေ့လာသူတွေအတွက် လေ့လာစရာပေါများလှသလို ခရီးသွားတွေအတွက်လည်း လည်ပတ်စရာ ပေါများလှတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ယူနန်ပြည်နယ်ဟာ စက်မှုနဲ့ လျှပ်စစ်ပစ္စည်း၊ ဓာတုဗေဒနဲ့ စိုက်ပျိုးရေးထွက်ကုန်၊ သံမဏိနဲ့ သတ္တု စတာတွေကို တင်ပို့ပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ ပြည်နယ်ဖြစ်ပါတယ်။ဒါ့အပြင် ယူနန်ဒေသထွက် ပန်း၊ လက်ဖက်ရွက်၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ထွက်ကုန်တွေကလည်း လူသိများပါတယ်။

ပြည်နယ်အတွင်းမှာဆိုရင် လီကျန်း (Lijiang)၊ တာလီ (Dali) ၊ ရှန်ဂရီလာ (Shangri-La)၊ ယွမ်ယန် (Yuanyang)၊ ကူမင်း (Kunming) စတဲ့ ဒေသတွေမှာ မတူကွဲပြားတဲ့ အလှတရားကိုယ်စီနဲ့ စိတ်ဝင်စားဖွယ် လေ့လာလည်ပတ်စရာ နေရာတွေ အများအပြားရှိနေကြတာဖြစ်ပါတယ်။

ဖော်ပြပေးခဲ့တာတွေကတော့ ခရီးသွားလေ့လာသူများတဲ့ တရုတ်နိုင်ငံက ပြည်နယ်နဲ့ မြို့ကြီးများ (အပိုင်း-၂) ဖြစ်ပါတယ်။

နောက်လာမယ့် ဆောင်းပါးကဏ္ဍမှာတော့ (အပိုင်း-၃) အဖြစ် ယူနန်ပြည်နယ်က ခရီးသွားဒေသတွေအကြောင်းကနေ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်တဲ့အကြောင်း အသိပေးရင်း အခုဆောင်းပါးကိုတော့ ဒီမှာပဲရပ်နားလိုက်ရပါတယ်။

မိုးသား