【 နိုင်ငံတကာဆောင်းပါး 】 ကျဲ့ကျန်းပြည်နယ်က ကောင်းကင်တံတား

【 နိုင်ငံတကာဆောင်းပါး 】 ကျဲ့ကျန်းပြည်နယ်က ကောင်းကင်တံတား

တောတောင်ရှုခင်းအလှတရားတွေကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်တဲ့ နေရာတစ်ခုရှိပါတယ်။ဒီလိုကြည့်ရှုခံစားနိုင်ဖို့အတွက် မျှော်စင်အဆောက်အဦတွေပေါ်ကနေ ကြည့်ရှုရတာမဟုတ်ဘဲ တံတားတစ်စင်းပေါ်ကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ကောင်းကင်မှာ တည်ဆောက်ထားတဲ့ တံတားတစ်စင်းလို့ တင်စားခေါ်ဝေါ်ရလောက်အောင် မြင့်မားတဲ့ တောင်ကုန်းနှစ်ခုကို ဆက်သွယ်တည်ဆောက်ထားတဲ့ လူကူးတံတားတစ်ခုဖြစ်ပါတယ်။ရင်သပ်ရှုမောဖွယ်ရာ ကောင်းကင်တံတား ဓာတ်ပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ တွေ့မြင်ဖူးတဲ့သူတွေလည်း ရှိကြမယ် ထင်ပါတယ်။အဲဒီတံတားကတော့ ရူယိ (Ruyi) တံတားဖြစ်ပြီး တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်ထဲက ရှန်ကျွီမြို့နယ်မှာ တည်ရှိပါတယ်။

ရူယိ (Ruyi) တံတားဟာ ရှန်းရှန်ကျွီ သဘာဝပတ်ဝန်းကျင် ကြိုးဝိုင်းဧရိယာမှာ တည်ရှိတာဖြစ်ပြီး၊ ရှန်းရှန် ကျွီ သဘာဝပတ်ဝန်းကျင် ကြိုးဝိုင်းဧရိယာဟာလည်း ကျောက်စိမ်းရူယိအဆောင်အယောင်ပုံစံ တည်ဆောက်ထားတဲ့ “ရူယိ ကောင်းကင်တံတား” ကြောင့် နာမည်ကျော်ကြားပါတယ်။

(Ruyi) တံတားသည် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မကြာသေးမီက ဖွင့်လှစ်ခဲ့သော မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်ပါတယ်။ကျဲ့ကျန်းပြည်နယ်၊ (Shenxianju) ချိုင့်ဝှမ်းများထဲမှ တစ်ခုကိုဖြတ်ကာ အမြင့်ပေ ၁၄၀ မီတာရှိသော ရှုခင်းပေါ်တွင် တည်ဆောက်ထားသော စိတ်လှုပ်ရှားဖွယ်ရာ တံတားတစ်ခုဖြစ်ပါတယ်။ဒီတံတားဟာ မီတာ ၁၀၀ ရှည်လျားပြီး မြွေလိမ်မြွေကောက်ပုံသဏ္ဍာန် ဆောက်လုပ်ထားပါတယ်။

(Ruyi) တံတားကို အခြားတိဗက်တံတားများနှင့် ကွဲပြားစေသည့် ထူးခြားချက်မှာ ၎င်း၏ဖွဲ့စည်းပုံထူးခြားမှုကတော့ လှိုင်းတွန့်ပုံစံ လူသွားလမ်းသုံးခုပါရှိသော နှစ်ထပ်တံတားဖြစ်ပြီး  ဖောက်ထွင်းမြင်ရသော မှန်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။အဆိုပါတံတားသည် (Shenxianju) တောင်ကြားကိုဖြတ်၍ ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ထောင်နဲ့ချီရှိသည့် မှန်တံတားများထဲမှ တစ်ခုဖြစ်ပါတယ်။

တံတားဒီဇိုင်းကိုလည်း ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ချောမွေ့ပြေပြစ်စွာ ဆောက်လုပ်ထားပါတယ်။ဒီတံတားရဲ့ ဒီဇိုင်းကို ထင်ရှားကျော်ကြားသော ပေကျင်းမြို့က ငှက်သိုက်ပုံစံကစားကွင်း ဒီဇိုင်းဆွဲခဲ့သူ နာမည်ကျော် ဗိသုကာပညာရှင် He Yunchang မှ ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။

ဗိသုကာပညာရှင် He Yunchang မှ ဒီဇိုင်းထုတ်ထားတဲ့ ဒီတံတားဟာ တရုတ်၏ ကံကောင်းခြင်း သင်္ကေတဖြစ်သည့် ကျောက်စိမ်း (Ruyi) နှင့် ဆင်တူစေရန် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

တံတားကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အချိန်တိုတိုအတွင်းမှာပင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ခုဖြစ်လာကာ ခရီးသွားတွေအတွက် အဓိကဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။

ကနေဒါ အာကာသယာဉ်မှူး Chris Hadfield ဟာ တံတားရဲ့ ဒရုန်းဗီဒီယိုကို Twitter မှာတင်ပြီး အင်တာနက်မှာ မိတ်ဆက်ခဲ့ပါတယ်။ဗီဒီယိုဖိုင်တင်လိုက်ချိန်မှာတော့ ကြည့်ရှုသူတွေများခဲ့သလို စိတ်ဝင်စားသူတွေလည်း များခဲ့ပါတယ်။ကြည့်ရှုသူအများအပြားကလည်း ဒီတံတားဟာ အစစ်အမှန်ဖြစ်ကြောင်း သံသယဝင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဒီတံတားဟာ အစစ်အမှန်ဖြစ်ပြီး အတုမဟုတ်ကြောင်း လက်ခံခဲ့ကြတာဖြစ်ပါတယ်။

(Ruyi) တံတား စတင်ဖွင့်လှစ်ပြီး နှစ်လအတွင်းမှာပဲ လူပေါင်းနှစ်သိန်းခန့် လာရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။ဒီတံတားကို လာရောက်လည်ပတ်သူတွေအနေနဲ့လည်း ကြောက်ရွံ့မှုကင်းပြီး သည်းထိတ်ရင်ဖို ခံစားချက်တွေ ခံစားလိုသူတွေအတွက် ရွေးချယ်စရာနေရာတစ်ခု ဖြစ်လာပါတယ်။

တံတားပေါ်ကိုရောက်ရင် တိမ်တိုက်များကြားကနေ စိမ်းစိုနေတဲ့ သစ်ပင်တောအုပ်တွေရဲ့အလှကို ခံစားနိုင်မှာဖြစ်ပါတယ်။ တံတားပေါ်ကနေ ချောက်ကြီးကိုဖြတ်ရတဲ့ သည်းထိတ်ရင်ဖို အရသာကိုလည်း ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာရှိတဲ့ ရူယိ (Ruyi) တံတားဟာ သည်းထိတ်ရင်ဖို ခံစားချက်တွေကို နှစ်သက်သူတွေအတွက် သွားရောက်လည်ပတ်စရာ နေရာတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

ခန့်မောင်